တစ်ပတ်အတွင်း ရခိုင်သတင်းများ

၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု

01 Jun 2021

မေ ၂၂

■ ရခိုင်ပြည် စစ်တွေမြို့တွင် အမှိုက်များစွန့်ပစ်နေသည့် အာကျိတ်တော်ကုန်းနေရာတွင် စွန့်ပစ်ခြင်းမပြုတော့ဘဲ လာမည့် ဇွန်လ ၁ ရက်နေ့က စတင်ကာ မန်စီသုသာန်နောက်သို့ ပြောင်းရွှေ့ စွန့်ပစ်မည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ သိရသည်။

■ မေလ ၂၀ ရက်နေ့က ဘူးသီးတောင်စစ်ရှောင်စခန်းတစ်ခုမှ အသက် (၂၇) အရွယ်အမျိုးသမီးတစ်ဉီးအား အဓမ္မပြုကျင့်ခဲ့သူ ရွာမကျေးရွာအုပ်စု၊ ရွာမကုန်းနား(မွတ်ဆလင်)ကျေးရွာနေ ဖူတုအာလီကို မေလ ၂၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း တောင်ဘဇာနယ်မြေရဲစခန်းမှ (မေလ ၂၂ ရက်နေ့တွင်) သိရသည်။

■ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တရားရုံးတွင် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် တရားရင်ဆိုင်နေရသည့် အမ်းမြို့နယ်၊ စနဲကျေးရွာမှ ဒေသခံတစ်ဦးမှာ တရားရင်ဆိုင်နေရင်း ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများကြောင့် နေမကောင်းဖြစ်လာ၍ မေလ ၂၂ ရက်နေ့က ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်။

မေ ၂၃

■ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ ဖူကူယာမအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရင်း ထိခိုက်မိ၍ ယာဖက်လက်လေးချောင်း ဖြတ်လိုက်ရသည့် ရခိုင်အမျိုးသမီးအတွက် နစ်နာကြေးအနေဖြင့် ငွေကျပ် ၁၀ သိန်းကို စက်ရုံမှပေးခဲ့သော်လည်း မိသားစုဝင်များက လက်မခံခဲ့ကြောင်း သိရသည်။

မေ ၂၄

■ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် (Deep Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါ အားကောင်းသော မုန်းတိုင်ငယ်ကြောင့် ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျှက်ရှိနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှာ မေလ ၂၂ ရက်နေ့မှစ၍ နှစ်ရက်တာ ယာယီရပ်နားခဲ့ရသည်။

■ မာန်အောင်မြို့တွင် ရွှေအပေါင်ဆိုင်များ၌ ရွှေအတုဖြင့် ငွေလိမ်လည်ယူနေသူ  ၅ ဦးကို မေလ ၂၄ ရက် ညနေက ဖမ်းဆီးရမိခဲ့ကြောင်း မာန်အောင်မြို့နယ်ရဲစခန်းမှ သိရသည်။

မေ ၂၅

■ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် လမ်း၊ တံတား၊ လျှပ်စစ်မီးနှင့် ဌာနဆိုင်ရာ အဆောက်အဦများ တည်ဆောက်ကာ အခြားမြို့များကဲ့သို့ အဆင့်မြှင့်တင်နေကြောင်း မြို့ဖြစ်မြောက်ရေးကော်မတီက ဆိုသည်။

■ မြောက်ဦးမြို့မှာ ရေပေါ်သင်္ကြန် လှေစီးပွဲ ဒေသအခေါ် “လောင်းစီးပွဲ”ကို ကဆုန်လပြည့် (မေလ ၂၅ရက်) နေ့ကစပြီး မေလ ၂၉ ရက်နေ့အထိ ကိုယ်ထူကိုယ်ထ ကျင်းပနေကြသည်။

■ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ကျေးရွာတွင် မေလ ၂၅ ရက်နေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်ပြီး ရေလှိုင်းတိုက်ခတ်မှုကြောင့် ကျပ်သိန်း ၁,၅၀၀ ခန့် ကုန်ကျခံ တည်ဆောက်ထားသည့် ကမ်းထိန်းနံရံအပါအဝင် ကျေးရွာလမ်းနှင့် နေအိမ်တချို့ မြစ်ထဲမျောပါသွားခဲ့သည်။

■ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ကျရောက်သော (၆) ကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၊ မရမာကြီးကျောင်းဟောင်း စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

မေ ၂၆

■ ၁၃၈၃ ခုနှစ် ကဆုန်လဆုတ် ၁ ရက်နေ့ (၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်) တွင်ကျရောက်သော (၈) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ဒွါရာဝတီခန်းမတွင် ကျင်းပခဲ့ကြပြီး ကျန်မြို့နယ်များတွင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

■ ကျောင်းစတင်လက်ခံခဲ့သည့်နေ့တွင် ရခိုင်ပြည်၌ ကျောင်းအပ်နှံသူဦးရေ ၅၄,၆၈၇ ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

■ တောင်ကုတ်မြို့နယ် အနောက်ဘက်ရေမိုင် (၁၃) မိုင်ခန့်အကွာရှိ ပန်းတင်ကျွန်းအနောက်ဘက် အစွန်ဆုံးရှိ အမော်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ညပိုင်းအချိန်က ဒီရေတိုက်စားမှုကြောင့် ကျေးရွာ နှစ်ပိုင်းပြတ်သွားခဲ့သည်။

■ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် YYAS ကြောင့်  ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်မှ စစ်ဘေးရှောင်စခန်းများတွင် တဲအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး တဲအိမ် ၇၈၀ လုံးရှိသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းတွင် တဲအိမ် (၁၇၁) လုံး ပျက်စီးသွားခဲ့သည်။

■ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရက္ခိုင့်တပ်တော် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်အပါအဝင် ၈ ဦးမှာ ပြန်လွတ်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း ပြန်လွတ်လာခြင်းမရှိဘဲ လာမည့် ဇွန် ၂ ရက်နေ့သို့ ရုံးချိန်းထပ်မံချိန်းဆိုခဲ့သည်။

မေ ၂၇

■ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ဒေသခံများမှာ မိမိနေရပ်တွင် ပြန်လည်အခြေချ နေထိုင်ရေးနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံသို့ ဒုတိယအကြိမ် စာတင်အကြောင်းကြားခဲ့သော်လည်း လက်ရှိအချိန်ထိ အကြောင်းပြန်ခြင်းမရှိသေးကြောင်း တင်းမကျေးရွာသားများက ပြောသည်။

■ ရမ်ဗြဲမြို့နယ် ရမ္မာဝတီရိုးရာလှေပြိုင်ပွဲ ဒေသအခေါ် “လှီပြိုင်ပွဲ” စတင်ကျင်းပသည့် အခမ်းအနားကို မေလ ၂၇ ရက်နေ့နံနက် ၉ နာရီက စတင်ဖွင့်လှစ်ခဲ့ပြီး မေလ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်လှေအသင်း ၂၀ ရှိသည်ဟု ပြိုင်ပွဲကျင်းပရေးဗဟိုကော်မတီမှ သိရသည်။

■ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ ရခိုင်ပြည်နယ်တွင် စစ်ရေးအခြေအနေငြိမ်သက်နေ၍ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးနိုင်မှုဧကမှာ ယမန်နှစ်ကထက် တိုး၍ စိုက်ပျိုးနိုင်ခြေရှိကြောင်း ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂမှ ခန်းမှန်းထားသည်။

မေ ၂၈

■ မေလ ၂၇ နှင့် ၂၈ ရက် နှစ်ရက်ကြာပြုလုပ်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ညှိနှိုင်းဆွေးနွေးပွဲတွင် ဖက်ဒရယ်အခြေခံမူရေးဆွဲရေးအလုပ်အဖွဲ့ကို ပြန်လည် ပြင်ဆင်ဖွဲ့စည်းနိုင်ခဲ့ကြောင်းနှင့် နောက်လာမည့်အစည်းဝေးတွင် အတည်ပြုချက်ရယူမည်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုခဲ့သည်။

■ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဉီးညီပုကို မေလ ၂၈ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးမှာ Video Conferencing စနစ်ဖြင့်ရုံးထုတ်ခဲ့သော်လည်း နောက်ဆုံးစစ်ဆေးရန် ကျန်ရှိနေသေးသည့် တရားလိုဖက်မှ သက်သေမရောက်လာ၍ ဇွန်လ ၁၁ ရက်နေ့သို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်။

■ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ သရက်ချို ဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကြောင်းတစ်ခုက လူငယ် ၃ ဦးကို ခေတ္တထိန်းသိမ်းပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးခံခဲ့ရသည့် လူငယ်သုံးဦးမှာ သရက်ချိုကျေးရွာမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ထားကြသည့် ကိုထူးထူးကျော်၊ ကိုဝင်းသက်ကျော်နှင့် စစ်တွေတက္ကသိုလ်တွင် တတိယနှစ် ပညာသင်ကြားနေသူ ငပြီချောင်းရွာမှ ကိုလူတာချေတို့ ဖြစ်သည်။

■ ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့ နံနက် (၇) နာရီခွဲအချိန်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သည်။ ပေါက်ကွဲမှုမှာ အသံဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

မေ ၃၀
■ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ရေးအတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့ထိ ထပ်မံရပ်စဲသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

■ မင်းပြားမြို့နယ်၊ နဂရာကျေးရွာအုပ်စု ပေါက်တော(မွတ်ဆလင်)ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် (၈) ရက်အတွင်း ကလေးငယ် (၇) ဉီးအထိ သေဆုံးမှုရှိခဲ့သည်။ သောက်သုံးရေမသန့်ရှင်းသည့်အတွက် ယင်းသို့ဖြစ်ပွားရခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ လသားအရွယ်မှ အသက်(၂) နှစ်အရွယ်ကလေးများဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။
မေ ၃၁

■ ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့၍ ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသားလေးဉီးအမှုမှာ မေလ ၃၁ ရက်နေ့ရုံးချိန်းတွင်လည်း စစ်ဆေးရန်ကျန်ရှိနေသေးသည့် လိုပြသက်သေများ ရောက်ရှိလာခြင်းမရှိသောကြောင့် ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်းလိုက်ရသည်။

ဗီဒီယိုများ