ရခိုင်တွင် ဒုတိယအကြိမ်မဲစာရင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါးတိုးလာ

ရခိုင်ပြည်နယ်၌ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ကောက်ခံရာတွင် မဲပေးခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါး တိုလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

By မင်းထွန်း 23 Sep 2020

မင်းထွန်း | DMG
စက်တင်ဘာ ၂၃ ၊ စစ်တွေ

ရခိုင်ပြည်နယ်၌ မဲဆန္ဒရှင်စာရင်းကို ဒုတိယအကြိမ်ကောက်ခံရာတွင် မဲပေးခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါး တိုလာကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရခိုင်တွင် ပထမအကြိမ်မဲစာရင်း၌ မဲဆန္ဒရှင် ၁၆၄၃၀၀၀ ကျော်ရှိခဲ့ပြီး လက်ရှိ ဒုတိယအကြိမ် မဲစာရင်းတွင် (၁၆၄၇၀၀၀)ကျော်အထိဖြစ်လာသည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၄၀၀၀ နီးပါး ထပ်တိုးလာခြင်း ဖြစ်သည်။

“အရင်တစ်ခေါက် အိမ်တိုင်ရာရောက် မဲစာရင်းလိုက်ကောက်တော့ အဲဒီအချိန်မှာ အိမ်မှာမရှိတဲ့သူတွေ ကျန်နေ ခဲ့တာပေါ့။ အခုပြန်ကောက်တဲ့အခါကျတော့ အဲဒီသူတွေ ပြန်ပါလာတာ” ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်ကပြောသည်။

လက်ရှိတွင် COVID-19 ရောဂါကြောင့် ရခိုင်ပြည်နယ်ကို Stay at home သတ်မှတ်ထားသည့်အတွက် ဒုတိယ အကြိမ်ကပ်မည့် မဲစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)Website မှတစ်ဆင့် ကြည့်နိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ထိုသို့ အွန်လိုင်းမှတစ်ဆင့် မဲစာရင်းများကိုကြည့်ရန် ရခိုင်တွင် အင်တာနက်လိုင်း အပြည့်အဝသုံးစွဲခွင့် မရရှိဘဲ 2G လိုင်းသာရရှိသည့် မြို့နယ်အများအပြား ရှိနေသည်။

ထို့ကြောင့် အင်တာနက်လိုင်းမရရှိသည့် မြို့နယ်များတွင် မဲစာရင်းများကို သက်ဆိုင်ရာကော်မရှင်ရုံးများတွင်သာ သွားကြည့်ရမည်ဟု ဦးသူရိန်ထွဋ်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားနေခြင်း၊ ကိုဗစ်ရောဂါများ ဖြစ်ပွားနေခြင်းတို့ကြောင့် ဆန္ဒမဲပေးခွင့်ရှိသည့် ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးလျက်ရှိကြောင်း သိရသည်။

ဗီဒီယိုများ