စစ်တွေကားဂိတ်အနီး ပေါက်ကွဲမှု ၅ ခုဖြစ်ပွား

စစ်တွေမြို့ အဝေးပြေးကားအနီး ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၉ နာရီခွဲတွင် ပေါက်ကွဲမှု ၄ ခုနှင့် ၁၀ နာရီခွဲခန့်တွင် ပေါက်ကွဲမှု ၁ ခု စုစုပေါင်း ပေါက်ကွဲမှု ၅ ခုဖြစ်ပွားခဲ့ကြောင်း DMG သတင်းထောက် ပေးပို့ချက်အရ ကနဦး သိရသည်။

28 Jul 2021

DMG ၊ ဇူလိုင် ၂၈

စစ်တွေမြို့ အဝေးပြေးကားအနီး ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၉ နာရီခွဲတွင် ပေါက်ကွဲမှု ၄ ခုနှင့် ၁၀ နာရီခွဲခန့်တွင် ပေါက်ကွဲမှု ၁ ခု စုစုပေါင်း ပေါက်ကွဲမှု ၅ ခုဖြစ်ပွားခဲ့ကြောင်း DMG သတင်းထောက် ပေးပို့ချက်အရ ကနဦး သိရသည်။

ပထမ ၄ ခုပေါက်ကွဲမှု ဖြစ်ပွားပြီးနောက်ပိုင်း နာရီဝက်အကြာမှာ ရဲကား ၆ စီးရောက်ရှိလာပြီး ကားဂိတ်ပတ်ဝန်းကျင်အနီး လုံခြုံရေးယူထားကာ သိပ်မကြာခင်မှာပဲ စစ်ကား ၃ စီးရောက်ရှိလာကာ စစ်သား ၆၀ ခန့်ပါလာကြောင်း၊ ရွှေရိုးမဆီဆိုင်ရှေ့၊ အာကျိတ်တော်ကုန်းတက်လမ်းနှင့် စစ်တွေမြို့ ကြိုဆိုပါ၏ မုခ်ဝတို့တွင် စစ်သားများ လုံခြုံရေးအပြည့်ယူထားကြောင်း သတင်းပေးပို့ချက်အရ သိရသည်။

စစ်တွေမြို့ကြိုဆိုပါ၏ မုခ်ဝကနေ ရွှေရိုးမဆီဆိုင် လမ်းမတစ်လျောက် မိုင်းရှင်းလင်းရေးများ စစ်သားများက လုပ်ဆောင်ကာ ရဲသားများက လုံခြုံရေးယူထားကြောင်း သိရသည်။

မည်သည့် ပေါက်ကွဲမှု အမျိုးအစားကိုတော့ DMG အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ရခိုင်ပြည်နယ်စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များကိုတော့ လက်ရှိတွင် ဆက်သွယ်၍ မရရှိသေးပေ။

ယခုအချိန်ထိတော့ ထပ်မံထူးခြားမှုတစ်စုံတစ်ရာမရှိကြောင်းနှင့် လမ်းသွားလမ်းလာများကို သွားလာခွင့်ပြုထားပြီး စစ်ဆေးမှုများရှိကြောင်း DMG သတင်းထောက်က သတင်းပေးပို့ထားသည်။

ဗီဒီယိုများ