ဘူးသီတောင်မြို့ပေါ်ရှိ NLD အောင်နိုင်ရေးဆိုင်းဘုတ် ၅ ခုဖျက်ဆီးခံရ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုက်ထူထားသည့် ဆိုင်းဘုတ်အခု ၄၀ ရှိသည့်အနက် ၅ ခုမှာ ဖျက်ဆီးခံလိုက်ရကြောင်း ယင်းပါတီထံမှ သိရသည်။

By ကျော်မျိုးအောင် 15 Oct 2020

စစ်တွေမြို့ လမ်းမကြီး၌ စိုက်ထူထားသည့် NLD အောင်နိုင်ရေး ဆိုင်းဘုတ်အား စက်တင်ဘာလ ၂၇ ရက်နေ့ညက ဖျက်ဆီးသွားပုံ။

ကျော်မျိုးအောင် | DMG
အောက်တိုဘာ ၁၅ ၊ ဘူးသီးတောင်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စိုက်ထူထားသည့် ဆိုင်းဘုတ်အခု ၄၀ ရှိသည့်အနက် ၅ ခုမှာ ဖျက်ဆီးခံလိုက်ရကြောင်း ယင်းပါတီထံမှ သိရသည်။

ဆိုင်းဘုတ်များ ဖျက်ဆီးခံရသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး ဖျက်ဆီးသူများအား အရေးယူနိုင်ရန် ဘူးသီးတောင်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ဘူးသီးတောင်မြို့နယ်၏ NLD ပါတီအတွင်းရေးမှူး ဦးအောင်ငြိမ်းက DMG သို့ ပြောသည်။

“ဖျက်ဆီးရတာ အခုတစ်ကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီ။ နေ့စွဲတွေ မှတ်မရတော့ဘူး။ မနေ့က ၂ ခု ဖျက်ဆီးခံ ရတယ်။ ဒီနေ့(အောက်တိုဘာ ၁၅)မနက်မှာသွားကြည့်တော့ ၅ ခုအထိပျက်စီးနေတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် အေအေတို့တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအများစုတွင် လူနေထိုင်ခြင်း မရှိသည့်အတွက် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်များကို ဘူးသီးတောင်မြို့ပေါ်၌သာ ထောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင်လည်း ရခိုင်အမျိုးသားပါတီ(ANP)၏ အောင်နိုင်ရေးဆိုင်းဘုတ် အချို့ဖျက်ဆီးခံရမှုရှိခဲ့ပြီး တောင်ကုတ်၊ မြေပုံ၊ မာန်အောင်နှင့် စစ်တွေမြို့နယ်တို့တွင်လည်း NLD မှ စိုက်ထူ ထားသည့် အောင်နိုင်ရေးဆိုင်းဘုတ်အနည်းဆုံး ၁၀ ခုခန့် ဖျက်ဆီးခံထားရကြောင်း သက်ဆိုင်ရာပါတီများထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခွင့် ကာလကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၆ နာရီမှ နိုဝင်ဘာလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်ထိ ရက်ပေါင်း ၆၀ ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေငြာထားသည်။

ဗီဒီယိုများ