စစ်တွေတွင် အိမ်ထောင်စု ၂၀၀ အတွက် စားသောက်ကုန်များကို ငွေငါးဆယ်ကျပ်ဖြင့် “ကြိုက်တာဝယ်’’အစီအစဉ်ကို သက်ဆိုင်ရာကတားမြစ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိမ်ထောင်စု ၂၀၀ အတွက် ငွေငါးဆယ်ကျပ်ဖြင့် “ကြိုက်တာဝယ်” Campaign အစီအစဉ်ကို ယမန့်နေ့ဇူလိုင်လ ၃၁ ရက်နေ့ညပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်ကာလအတွင်းလူစုလူဝေးဖြစ်မည်ကို စိုးရိမ်သည်ဟုဆိုကာ လာရောက်တားမြစ်သဖြင့် အစီအစဉ်ဖျက်သိမ်းလိုက်ရကြောင်း အာရက္ခရင်ခွင်ပရဟိတလူငယ်များအသင်း၏ တာဝန်ရှိသူထံမှ သိရသည်။

01 Aug 2021

DMG ၊ သြဂုတ် ၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အိမ်ထောင်စု ၂၀၀ အတွက် ငွေငါးဆယ်ကျပ်ဖြင့် “ကြိုက်တာဝယ်” Campaign အစီအစဉ်ကို ယမန့်နေ့ဇူလိုင်လ ၃၁ ရက်နေ့ညပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်ကာလအတွင်းလူစုလူဝေးဖြစ်မည်ကို စိုးရိမ်သည်ဟုဆိုကာ လာရောက်တားမြစ်သဖြင့် အစီအစဉ်ဖျက်သိမ်းလိုက်ရကြောင်း အာရက္ခရင်ခွင်ပရဟိတလူငယ်များအသင်း၏ တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ Campaign ကို စစ်တွေမြို့၊ အိုးတန်းရပ်ကွက် ရွှေသာလမ်းတွင်ရှိသည့် Tea Crazy Sittway ဆိုင်ရှေ့တွင် ကိုဗစ်စည်းကမ်းနှင့်အညီပြုလုပ်ပြီး ပေးဆောင်သွားရန် စီစဉ်ထားခြင်းဖြစ်ကာ သက်ဆိုင်တာဝန်ရှိသူများလာရောက်တားမြစ်သဖြင့် ဖျက်လိုက်ရသည်ဟု အာရက္ခရင်ခွင်ပရဟိတလူငယ်များအသင်း ဥက္ကဋ္ဌ ကိုသူရိန်လင်းက DMG ကိုပြောသည်။

“မနေ့ကညနေပိုင်းက သက်ဆိုင်တာဝန်ရှိသူတွေကလာပြီးတားဆီးတယ်။ ဘေးအန္တရာယ်စီမံရေးဝန်ကြီးဌာနတို့၊ ခရိုင်မှူးတွေ၊ ပြည်နယ်မှူးတွေပါတယ်။ ရဲတွေကတော့ အယောက်တစ်ရာလောက်ရှိမယ်။ စစ်သားတွေကတော့ တစ်ဆယ်ကျော်လောက်ရှိမယ်ထင်တယ်။ ညပိုင်း ၉ နာရီခွဲလောက်ကပါ” ဟု ကိုနေသူရိန်လင်းက ပြောသည်။

ယင်း Campaign ကို စစ်တွေမြို့ရှိ Tea Crazy Sittway ဆိုင်မှ လူငယ်တစ်စုက အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး ရောင်းချသွားမည့်အထဲတွင် ဆန်၊ ကြက်ဥ၊ ပဲ၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက် စသည့်ပစ္စည်းငါးမျိုးပါဝင်ကြောင်း သိရသည်။

Campaign ကို အကောင်အထည်ဖော်ရန်အတွက် ပစ္စည်းများအားလုံးကိုလည်း ပြင်ဆင်ထားပြီးဖြစ်ရာ လက်ရှိတွင် အစီအစဉ်အကောင်အထည်မပေါ်ခဲ့သည့်အတွက် ယနေ့ သြဂုတ် ၁ ရက်နေ့တွင် စစ်တွေမြို့အတွင်း ကားဖြင့်ပတ်ပြီး ဆင်းရဲသူများ၊ ဝင်ငွေမရှိသူများနှင့် အခြေခံအလုပ်သမားများကို အခမဲ့ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ကတော့ ပစ္စည်းတွေကို အဆင်သင့်လုပ်ထားပြီးပြီ။ အခုအစီအစဉ်ကို လုပ်လို့အောင်မြင်သွားရင် နောက်အစီအစဉ်အတွက်ပါ လုပ်ထားတာပါ။ အစီအစဉ်မဖြစ်လိုက်တဲ့အတွက် အဲဒါတွေကို ကားနဲ့ပတ်ပြီးပေးမလို့လုပ်နေတယ်။ လူစုလူဝေးမဖြစ်ရအောင်ပေါ့။ ဆိုတော့ကျနော်တို့က ရှိနေတဲ့ပစ္စည်းအကုန်လုံးကို ပေးဆောင်သွားဖြစ်ပါတယ်” ကိုသူရိန်လင်းက ပြောသည်။

ယင်းသို့ပေးအပ်သွားမည့် ဆန်အပါအဝင်ပစ္စည်းများကို အခြေခံလူတန်းစားများ အများအပြားရှိသည့် စက်ရုံစုရပ်ကွက်၊ ဓညဝတီရပ်ကွက်၊ ကုန်တန်းရပ်ကွက်နှင့် မင်းဂံရပ်ကွက်တို့တွင် အဓိကပေးသွားမည်ဖြစ်သည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့ကလည်း စစ်တွေမြို့ ဘောက်သီးစုရပ်ကွက်တွင် အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့ကာ လူပေါင်းရာကျော်ခန့် လူစုလူဝေးဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ