ရခိုင်က တပ်မတော်သား (၅၀) ဦးမှာ ကိုဗစ်ပိုးတွေ့၊ အသွားအလာကန့်သတ်ထား

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့က ရခိုင်က တပ်မတော်သား ၁၉၇ ဦးကို ကိုဗစ်ပိုး စစ်ဆေးရာမှာ တပ်မတော်သား (၅၀) ဦး ပိုးတွေ့ရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

By မျိုးသီရိကျော် 15 Dec 2020

မျိုးသီရိကျော် ၊ DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့က ရခိုင်က တပ်မတော်သား ၁၉၇ ဦးကို ကိုဗစ်ပိုး စစ်ဆေးရာမှာ တပ်မတော်သား (၅၀) ဦး ပိုးတွေ့ရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စစ်တွေမြို့မှာရှိသည့် တပ်နယ်မြေ အမှတ် (၁၇) ကုတင် ၁၀၀ ဆေးရုံ၌ စစ်ဆေးရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။

“ပိုးတွေ့တာက ရခိုင်ကပဲတွေ့တာပါ။ တပ်သား ၅၀ ဦးပေါ့နော် ဘယ်တပ်ကလည်း ဆိုတာတော့ ကျနော်တို့လည်း မသိ ဘူး။ ၁၇ /၁၀၀  ဆေးရုံက တွေ့တာ။ ကိုဗစ်ပိုးရှိ၊ မရှိကို ဘယ်လိုမျိုး စစ်ဆေးတာလဲဆိုတာတော့ ကျနော်တို့လည်းမသိဘူး။ အဲဒီဖက်က ပိုသိနိုင်တယ်။ သူ့တို့ကျန်းမာရေး အခြေနေကိုလည်း မသိနိုင်သေးပါဘူး " ဟု ၎င်းက ဆိုသည်။

စစ်တွေရှိ စစ်တပ်များတွင်  သြဂုတ်လမှစတင်ကာ အသွားအလာ ကန့်သတ်ထားခဲ့သော်လည်း ယခုလ ပထမ အပတ်မှ စတင်ကာ ယခင်ထက် အသွားအလာ တင်းကျပ်မှုများရှိလာ‌ကြောင်း တပ်ထဲမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“တပ်အားလုံးလိုလိုက အစကတည်းက အသွားအလာ ကန့်သတ်ထားတာပါ။ ဒါပေမယ့် အဲဒီအချိန်က နည်းနည်း သွားလာခွင့်ရှိခဲ့ပေမဲ့ အခုလ ပြန်ပြီးတော့ အရင်ထက်တင်းကျပ်လိုက်တယ်။ အပြင်လူတွေ လုံးဝဝင်ခွင့်မပြုဘူး။ ဈေးဝယ်သွားတာတောင် တစ်ယောက်တည်း သွားခွင့်ပြုတယ် ” ဟု ၎င်း က ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပိုးကြောင့် သေဆုံးသူဦးရေ တိုးလာသော်လည်း ကိုဗစ်ရောဂါ ထိမ်းချုပ်ကာကွယ်ရေးအပိုင်းတွင် လိုက်နာမှုအားနည်းနေကြောင်း စစ်တွေမြို့မိမြို့ဖများက ထောက်ပြကြသည်။

ရခိုင်ပြည်နယ်တွင် ယနေ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၃၉၃၇ ဦးနှင့်  ကိုဗစ်ကြောင့် သေဆုံးသူ ၃၄ ဦးထိ ရှိသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ