ရခိုင်မှ အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေး၊ ထပ်မံထိုးပေးရန်ရှိ

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီး ဆက်လက် ထိုးနှံပေးရန်ရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

18 Oct 2021

DMG ၊ အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်အတွင်းက အကျဉ်းသားနှင့် အချုပ်သား ၅၀၀ ကျော်ကို တရုတ်နိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားပြီး ဆက်လက် ထိုးနှံပေးရန်ရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“သူတို့ဖက်က ထိုးမယ့်လူရှိတယ်လို့တင်ပြလာရင် ကျွန်တော်တို့ဖက်က ထိုးပေးတယ်။ နောက်ထပ်လည်း ထိုးပေးသွားမယ်၊ ကန့်သတ်ထားတာတော့မရှိဘူး”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းက သံတွဲနှင့် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား (၁၃၄)ဦးနှင့် တခြားမြို့နယ်ရှိ အကျဉ်းသားများနှင့် အချုပ်သား (၃၇၂)ဦးတို့ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးထားကြောင်း သိရသည်။

“ထိုးတာကတော့ Sinovac နဲ့ Sinopharm ပါ။ Sinovac ကိုတော့ သံတွဲထောင်နဲ့ စစ်တွေထောင်က လူဦးရေတစ်ရာကျော်ကို ထိုးပေးထားတယ်။ နောက်ထပ်မြို့နယ်အသီးသီးကထောင်တွေက လူဦးရေသုံးရာကျော်ကိုတော့ Sinopharm ကာကွယ်ဆေးထိုးပေးထားပါတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ ၂ သိန်းကျော်ကို အောက်တိုဘာလ ၁၇ နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးလျက်ရှိနေသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်များတွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၄ သိန်းကျော်အထိရှိကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ ၅၀၁၈ ဦးရှိခဲ့ပြီး ယင်းအထဲမှသေဆုံးသူ ၄၈၄ ဦးရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ အောက်တိုဘာ ၁၇ ရက်နေ့အထိ စာရင်းအရသိရသည်။

ဗီဒီယိုများ