သံတွဲဒေသခံတစ်ဦး ပုဒ်မ-၅၀၅(ခ)ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံထားရသည့်ဒေသခံများ လွတ်မြောက်ရေးအတွက်ကူညီပေးခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံတွဲဒေသခံတစ်ဦးကို ဖေဖော်ဝါရီလ တတိယပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

21 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၁

သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံထားရသည့်ဒေသခံများ လွတ်မြောက်ရေးအတွက်ကူညီပေးခဲ့သဖြင့် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် သံတွဲဒေသခံတစ်ဦးကို ဖေဖော်ဝါရီလ တတိယပတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံထားရသူမှာ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောကျေးရွာမှ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်ဆိုသူဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးဆောင်ရွက်ခဲ့ရာ ရဲတပ်ဖွဲ့ကိုတားဆီးသည်ဟုဆိုကာ ၎င်းကို အဆိုပါပုဒ်မဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထိုသို့အမှုဖွင့်ခံထားရ၍တိမ်းရှောင်နေရာမှ ယခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဂျိတ္တောရပ်ကွက်မှ ဒေသခံတစ်ဦးမှာ ဆိုင်ကယ်ပျောက်ဆုံးသွားသဖြင့် ကူညီရှာဖွေပေးရာတွင် ရဲတပ်ဖွဲ့ဝင်များနှင့်စကားများကြသဖြင့် ရဲတစ်ဦးက ကိုမျိုးသူရိန်ကိုက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟု အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက DMG ကိုပြောသည်။

ထို့ကြောင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟုဆိုသည့် ရဲတပ်ဖွဲ့ဝင်ကို ဂျိတ္တောရဲစခန်းတွင် အမှုသွားဖွင့်ရာ သံတွဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးလာရောက်ပြီး ကိုမျိုးသူရိန်အား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

“ဂျိတ္တောရဲစခန်းမှာရောက်နေတုန်း လာဖမ်းသွားတာ။ ရဲစခန်းမှာရဲတပ်ဖွဲ့ဝင်တွေက ကိုဟန်မျိုးသူရိန်ကို အနိုင်ကျင့်တာရှိတယ်။ဆိုင်ကယ်သော့နဲ့ဦးခေါင်းကို ဒဏ်ရာရအောင် သူတို့ဘက်ကကျူးလွန်တာကြောင့် ကျမတို့ဘက်က အမှုဖွင့်ခဲ့တာပါ။ အမှုဖွင့်နေတုန်းမှာပဲ ဒီ ၅၀၅(ခ)အမှုကို အစပြန်ဖော်ပြီး သံတွဲရဲစခန်းက ရဲတပ်သားတွေ လာဖမ်းသွားတာပါ”ဟု ၎င်းကဆိုသည်။

ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းလတ်က တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ပြီး လက်ရှိ သံတွဲမြို့မရဲစခန်းတွင်ထိန်းသိမ်းထားကာ လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည်ဟု သိရသည်။

ကိုဟန်မျိုးသူရိန်ကို ဖမ်းဆီးထားမှုအခြေအနေနှင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ဟူသော မိသားစုဝင်များ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး သံတွဲမြို့မရဲစခန်းကို DMG က တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သူတစ်ဦးက“စခန်းကိုလာခဲ့ပါ”ဟုသာဖြေဆိုသဖြင့် တစ်စုံတစ်ရာတုန့်ပြန်ချက်မရရှိသေးပါ။

ဖမ်းဆီးခံထားရသည့် ကိုဟန်မျိုးသူရိန်သည် ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်းလုပ်ဆောင်နေသူတစ်ဦးဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူတစ်ဦးဖြစ်သည်။

ဗီဒီယိုများ