ရခိုင်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ငါးပုံတစ်ပုံသာအနိုင်ရ

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၁ ဦးရှိသည့်အနက် လေးဦးသာအနိုင်ရခဲ့ပြီး ၎င်းလေးဦးလုံးသည် ရခိုင်အမျိုးသားပါတီ(ANP) မှဖြစ်ကြောင်း သိရသည်။

22 Nov 2020

မင်းထွန်း | DMG
နိုဝင်ဘာ ၂၂ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ၌ အမျိုးသမီးကိုယ်စားလှယ်လောင်း ငါးပုံတစ်ပုံခန့်သာ အနိုင်ရခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်၏ မဲရလဒ်များအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သူ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၂၁ ဦးရှိသည့်အနက် လေးဦးသာအနိုင်ရခဲ့ပြီး ၎င်းလေးဦးလုံးသည် ရခိုင်အမျိုးသားပါတီ(ANP) မှဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအား အမျိုးသမီးကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှုအနေဖြင့် ရခိုင်အမျိုးသားပါတီ (ANP) မှ လေးဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ခြောက်ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ နှစ်ဦး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ တစ်ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) မှ သုံးဦး၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ သုံးဦး၊ တသီးပုဂ္ဂလမှ နှစ်ဦး ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်နေရာတွင် ခြောက်ဦး၊ အမျိုးသားလွှတ်တော်နေရာတွင် ငါးဦး၊ ပြည်နယ်လွှတ်တော်နေရာတွင် ၁၀ ဦး အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး ANP ပါတီမှ ဝင်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်တွင်လည်းကောင်း၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်များပါဝင်သည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ တွင်လည်းကောင်း၊ မာန်အောင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ တွင်လည်းကောင်း၊ တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ တွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့ကြခြင်းဖြစ်သည်။

ယင်းသို့ ရွေးကောက်ပွဲအနိုင်ရ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရခိုင်အရေးအပါအဝင် အမျိုးသမီးအရေးများနှင့်ပတ်သက်၍ တက်ကြွစွာ ပါဝင်လှုပ်ရှားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း စစ်တွေအခြေစိုက် ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောသည်။

“လွှတ်တော်ထဲကနေပြီးတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအတွက် ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေကို သူတို့ (အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေ) က ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီးတော့ လုပ်ပေးစေချင်တယ်၊ လုပ်ပေးမယ်လို့လည်း မျှော်လင့်တယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်ထဲတွင် ရခိုင်ပြည်နယ်မှ အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုအနေဖြင့် အမျိုးသားလွှတ်တော်တွင် နှစ်ဦးနှင့် ပြည်သူ့လွှတ်တော်တွင် တစ်ဦးဖြစ်ပြီး ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ် မရှိပေ။

ANP ပါတီကိုယ်စားပြု၍ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် ဒေါ်လှသက်စိုးက အမျိုးသမီးများ၏ ဘဝလုံခြုံအေးချမ်းရေးနှင့်ပတ်သတ်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

“အဓိကတော့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံအေးချမ်းမှုတွေ၊ နောက် အမျိုးသမီးတွေ နိုင်ငံရေးမှာ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်လာစေဖို့နဲ့ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ပတ်သတ်ပြီး လုပ်ဆောင်သွားမယ်လို့ စဉ်းစားထားပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားလူမျိုးရေးရာ မဲဆန္ဒနယ်အပါအဝင် လွှတ်တော်သုံးရပ်လုံး၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၅၄ ဦးရှိပြီး ၎င်းတို့အထဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၂၁ ဦး ပါဝင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ