AA ဖမ်းဆီးထားသည့် ALP တပ်ဖွဲ့ဝင် ၅ ဦး ပြန်လွတ်လာ

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က DMG သို့ ပြောသည်။

By အောင်ထိန် 18 Aug 2020

အောင်ထိန် | DMG
သြဂုတ် ၁၈ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တွဲဖက်အတွင်းရေးမှူးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၅ ဦးမှာ ယနေ့ သြဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပြန်လည်လွတ်မြောက်လာကြောင်း ALP မှ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က DMG သို့ ပြောသည်။

“ဒီနေ့ ညနေပိုင်းက ကျနော့်ဆီကို သတင်းပို့လာတယ်။ ကောင်းကောင်းမွန်မွန်နဲ့ အကုန်လုံး ပြန်လွတ်လာတယ်လို့ သိရတယ်။ ကျနော့်မျက်စိနဲ့တော့ မမြင်ရသေးဘူးပေါ့။ ဒါပေမဲ့ သတင်းပို့လာတာက ကျန်းမာရေး ကောင်းတယ်လို့ပြောတယ်” ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများသည် ALP ၏ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း၊ ဆက်ဆံရေးရုံးဝန်ထမ်း ခိုင်ဌေးနှင့် ဆေးဘက်ဆိုင်ရာ ရခိုင်လူထုကျန်းမာရေးလုပ်သားအဖွဲ့(RCHWA)မှ ခိုင်မျိုးဇံ၊ ခိုင်မိုးဇက် နှင့် ခိုင်ဟိန်းဇော်တို့ကို ဖြစ်သည်။

၎င်းတို့ ၅ ဦးသည် သြဂုတ်လ ၁၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ALP တပ်ဖွဲ့ဝင်တစ်ဦး၏ နာရေးမှပြန်လာစဉ် ပုဏ္ဏားကျွန်းမြို့နယ်၊ မြောင်ကြီးကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင် ၁၀ ဦးက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ တပ်ဖွဲ့ဝင်များကို AA မှ ပြန်လွတ်ပေးလိုက်သည့်အတွက် ဝမ်းသာကြောင်း ဗိုလ်မှူးကြီးခိုင်ကျော်လှိုင်က ပြောသည်။

“ရက္ခိုင့်တပ်တော်က တာဝန်ရှိတဲ့သူတွေကို ကျေးဇူးအများကြီးတင်တယ်။ ဝမ်းလည်းဝမ်းသာတယ်လို့ ပြောချင်တယ်” ၎င်းက ပြောသည်။

ALP တပ်ဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရဗက်ချိုင်ကျေးရွာမှ ခိုင်မောင်ခင်ဝင်းနှင့် ခိုင်မောင်လုံး တို့နှစ်ဦးနှင့် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ခိုင်ဝင်းလှိုင်တို့ကိုလည်း ရက္ခိုင့်တပ်တော် (AA)က ဖမ်းဆီးထားကြောင်း ALP မှ ဇွန်လအတွင်းက ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဖမ်းဆီးခံထားရသည့် ALP တပ်ဖွဲ့ဝင်များကိုလည်း ယခုပြန်လွှတ်ပေးလိုက်သည့် တပ်ဖွဲ့ဝင်များကဲ့သို့ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးစေလိုကြောင်း ရခိုင်လွတ်မြောက်ရေးပါတီက တောင်းဆိုထားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဗီဒီယိုများ