ကျေးရွာအတွင်း ကျန်ခဲ့သည့်ပစ္စည်းများ သွားရောက်ယူဆောင်ခွင့်ရရေး အပါအဝင် အချက် ၆ ချက်ကို စစ်ဘေးရှောင်များ ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှရွာသားများမှာ စစ်ဘေးရှောင်တိမ်းလာကြစဉ် ကျေးရွာ၌ကျန်နေခဲ့သည့်ပစ္စည်းများအား လွတ်လပ်စွာသွားရောက်ယူဆောင်နိုင်ရေးကိစ္စအပါအဝင် အချက် ၆ ချက်ကို ကျောက်တော်မြို့၌ ယနေ့ နေ့လည်ပိုင်းတွင် စစ်ဘေးရှောင်များက ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုခဲ့ ကြသည်။

By နှင်းနွယ် 19 Jan 2021

နှင်းနွယ် | DMG
ဇန်နဝါရီ ၁၉ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှရွာသားများမှာ စစ်ဘေးရှောင်တိမ်းလာကြစဉ် ကျေးရွာ၌ကျန်နေခဲ့သည့်ပစ္စည်းများအား လွတ်လပ်စွာသွားရောက်ယူဆောင်နိုင်ရေးကိစ္စအပါအဝင် အချက် ၆ ချက်ကို ကျောက်တော်မြို့၌ ယနေ့ နေ့လည်ပိုင်းတွင် စစ်ဘေးရှောင်များက ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုခဲ့ ကြသည်။

ထွက်ပြေးတိမ်းရှောင်လာစဉ် ကျေးရွာအတွင်းကျန်နေခဲ့သည့်ပစ္စည်းများအား ဘေးကင်းစွာသွားရောက် ယူဆောင်နိုင်ရန် မာလာကျေးရွာသားများမှ ပြည်နယ်အစိုးရအဖွဲ့ထံသို့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက် နေ့တွင် အသနားခံစာပေးပို့ခဲ့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

မာလာကျေးရွာရာအိမ်မှူး ဦးဦးသန်းလှိုင်က “ကျနော်တို့မှာကျန်ခဲ့တဲ့ပစ္စည်းတွေကို ပြန်လိုချင်ပါတယ်။ ကိုယ့်ရပ်ရွာကိုသွားလာခွင့်ရချင်တယ်ဆိုပြီး အစိုးရကိုတင်ပြခဲ့တာရှိတယ်။ ဒါပေမယ့် ဘာမှအဖြေမပေါ်တော့ ထပ်ပြီးတောင်းဆိုကြည့်တာပေါ့။ ဥပမာပြောရရင် ပထမတစ်ခေါက်ခေါ်မကြားတဲ့သူကို နောက်တစ်ခေါက် ထပ်ခေါ်ရင်ကြားနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ” ဟုပြောသည်။

ယနေ့ဆန္ဒဖော်ထုတ်ရာတွင် တပ်မတော်တိုးချဲ့စစ်အင်အားနှင့် စစ်စခန်းများအား ရုပ်သိမ်းပေးရန်၊ အကြမ်းဖက်မှုကျူးလွန်နေသော တပ်မတော်မှတာဝန်ရှိသူများအား အရေးယူပေးရန်၊ ကျေးရွာသားများအား ရွာသို့လွတ်လပ်စွာသွားလာခွင့်ပေးရန်၊ တပ်မတော်သားများယူဆောင်သွားသော စပါး၊ ဆန်၊ နွား၊ ဝက်၊ ဆိတ်၊ သစ်၊ ဆိုင်ကယ်၊ ထွေလာဂျီ၊ ထွန်စက်၊ ရေစုပ်စက်၊ စက်ဘီးနှင့် အခြားပစ္စည်းများအားပြန်ပေးရန်၊ ရွာနှင့် အနီးဝန်းကျင်၌ မြှုပ်ထားသော မြေမြှုပ်မိုင်းများအားဖယ်ရှာပေးရန်တို့ကိုလည်း တောင်းဆိုခဲ့ကြသည်။

"ကျမတို့ ကိုယ့်ရပ်ရွာကိုပြန်ချင်နေပြီ။ ဒါပေမယ့် ရွာပြန်ဖို့ဆိုတာ အနီးနားမှာစစ်တပ်ရှိနေတော့မပြန်ရဲဘူး။ ဒါကြောင့် တပ်စခန်းတွေနဲ့အတူ သူတို့မြှုပ်ထားတဲ့မိုင်းတွေကိုပါ ဖယ်ရှားပေးဖို့တောင်းဆိုချင်ပါတယ်။ ပြီးတော့ သူတို့(တပ်မတော်သား)တွေ ယူထားတဲ့ပစ္စည်းတွေအကုန်လုံးတွေကိုလည်း တစ်ခုမကျန်ပြန်လိုချင်တယ်” မာလာကျေးရွာမှ ဒေါ်ဖြူဖြူက ဆိုသည်။

ရွာသားပိုင်ပစ္စည်းများအား တပ်မတော်သားများကယူဆောင်နေသည်ဆိုသည့် ဒေသခံများ၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့ ်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့အား DMG က ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်ကို DMG က မေးမြန်းရန်ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။

စစ်ဘေးရှောင်များတောင်းဆိုသည့် မိုင်းရှင်းလင်းရေးကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တပ်နေရာချထားရေးကိစ္စကိုစာချုပ်စာတန်းဖြင့် သဘောတူညီလက်မှတ်ထိုးပြီးပါက တပ်မတော်မှ တာဝန်ယူပြီး မိုင်းရှင်းလင်းရေးကိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက DMG သို့ မကြာသေးမီက ပြောဆိုထားသည်။

မာလာကျေးရွာသားများမှာ စစ်ရေးပဋိပက္ခများကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းကပင် ၎င်းတို့ပိုင်ဆိုင်သည့်အိုးအိမ်စည်းစိမ်များကိုစွန့်ကာ ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်သည်။

ဗီဒီယိုများ