စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်သည့် တိုင်းရင်းသားလက်နက်ကိုင် (၆)ဖွဲ့ထက်မနည်းရှိ

စစ်ကောင်စီ ဥက္ကဋ္ဌ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုလာသည့် တိုင်းရင်းသားလက်နက်ကိုင်(၆)ဖွဲ့ထက်မနည်းရှိသည်။

09 May 2022

DMG ၊ မေ ၉                

စစ်ကောင်စီ ဥက္ကဋ္ဌ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုလာသည့် တိုင်းရင်းသားလက်နက်ကိုင်(၆)ဖွဲ့ထက်မနည်းရှိသည်။

ဆွေးနွေးပွဲမတက်သည့်အထဲတွင် (NCA)မထိုးထားသော ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ကရင်နီတပ်မတော်(KNPP/KA)နှင့် NCA ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ပါဝင်သည်။

ယင်းအပြင် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ(FPNCC)အနေဖြင့်မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေဖြင့်ဆိုလျှင် မတက်ရောက်ကြောင်း သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်ချက်တွင် ပါဝင်သင့်သူအားလုံးကို ဖိတ်ခေါ်ခြင်းမရှိသည့်အပြင် နိုင်ငံ၏အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိသည်ကိုတွေ့ရသည်ဟု KIO ၏ မေလ ၅ ရက်နေ့ သဘောထားထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ပါဝင်သင့်သူအားလုံးပါဝင်နိုင်ပြီး နိုင်ငံရဲ့အရေးအရာတွေကို တန်းတူဆွေးနွေးနိုင်မယ့်အချိန်အခါ၊ အခင်းအကျင်းရောက်ရှိမှသာ ပါဝင်ဆွေးနွေးမှာဖြစ်တယ်”ဟု KIO ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းအပြင် စစ်ကောင်စီ၏ကမ်းလှမ်းချက်တွင် အားလုံးပါဝင်သည့် တန်းတူရည်တူဆွေးနွေးအဖြေရှာရန် ပြည့်စုံလုံလောက်သော အခင်းအကျင်းမရှိသည့်အတွက် တက်ရောက်နိုင်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ မေလ ၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ထားသည်။

“ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ပြီး တန်းတူရည်တူဆွေးနွေးနိုင်တဲ့ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့လိုအပ်တယ်”ဟု ABSDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်သည့်အထဲတွင် စစ်ကောင်စီမှ အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြေညာ ထားသည့် NUG နှင့် PDF တို့မပါဝင်သည့်အတွက် ငြိမ်းချမ်းရေးဖိတ်ခေါ်ခြင်းမှာ ဟန်ပြသဘောဟု ဝေဖန်မှုများရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီမှ ဧပြီလ ၂၂ ရက်နေ့တွင် ဖိတ်ခေါ်ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်မည့်အဖွဲ့များကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့တွင် နောက်ဆုံးထား စာရင်းပေးပို့ရန်လည်း ပြောဆိုထားသည်။

လက်ရှိတွင် နစက (စစ်ကောင်စီ)အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးရအောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွေ့ဆုံပြီး အဖြေထုတ်လိုခြင်းကိုတွေ့ရသည့်အတွက် လက်နက်ကိုင်အဖွဲ့များအတွက် စဉ်းစားစရာ အချက်ဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“ ပြည်ထောင်စု ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တွေ့ပြီး အဖြေရလိုတဲ့၊ အဖြေထုတ်လိုတဲ့ ပုံတွေ့တယ်။အဲဒီလို ၂၀၀၈ ဖွဲှ့စည်းပုံအခြေခံဥပဒေကို ကျော်ပြီးပြည်ထောင်စုအားလုံးနဲ့ သင့်လျော်တဲ့ ဖွဲ့စည်းပုံ  အခြေခံဥပဒေအသစ်တစ်ခုကိုလည်း ညှိနှိုင်းပြီး ပြန်လို့ရေးဆွဲနိုင်လောက်တဲ့ အနေ အထားလည်း သူ့လက်ထက်မှာရှိတယ်။အဲဒီအခွင့်အရေးကို အသုံးချမှာလား။ ဒါဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးနဲ့ပတ်သက်တဲ့ စဉ်းစားစရာအချက်ဖြစ်တယ်”ဟု သူကပြောသည်။

၎င်းကဆက်လက်၍ “SCC (စစ်ကောင်စီ)ဘက်ကို စဉ်းစားကြည့်မယ်ဆိုရင် သူဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ကဏ္ဍကို ဝင်ကိုင်နေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် အာဏာဟာသူ့ဆီမှာရှိတယ်။ အရင်နိုင်ငံရေးခေတ်ကလို ဦးနုနဲ့ ဦးနေဝင်းတွေ့ဖို့မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တွေ့ပြီး ညှိနှိုင်းဖို့မလိုဘူး။ ဦးမင်းအောင်လှိုင်တစ်ယောက်တည်း ဆုံးဖြတ်လို့ရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဦးဆောင် နေတဲ့ကာလဖြစ်တဲ့အတွက် ဘာမဆိုမြန်မာ့နိုင်ငံရေးအကောင်းဘက်ကို သွားနိုင်တယ်။ မြန်မာနိုင်ငံတစ်ခုလုံးရဲ့အကျပ်အတည်းကို ကာကွယ်ရေးဦးစီးချုပ်တစ်ဦးအနေနဲ့ ဖြေရှင်းပေးနိုင်တဲ့ အနေအထားလည်းရလာနိုင်တယ်”ဟု သူကဆိုသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော်(AA) ကတော့ စစ်ကောင်စီ၏ လက်အောက်ခံတပ်များ သည် နည်းမျိုးစုံဖြင့် ပြဿနာဖန်တီးနေသလို ကျေးရွာများသို့ အင်အား သုံးဝင်ရောက်ပြီးး ပြည်သူများကို ဒုက္ခ ပေးခြင်း၊ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းများလုပ်ဆောင်နေသည့် အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်မှုကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ယနေ့မေလ ၉ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက BBC သတင်းဌာနတွင် ဖြေဆိုထားသည်။

“ဒီလုပ်ရပ်တွေက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးကို ပျက်ပြားစေတဲ့လုပ်ရပ်ဖြစ်တယ်။ ရန်လိုတဲ့အပြုအမူတွေဖြစ်တယ်။ ဒါကြောင့် ရှေ့ဆက်ပြီးဆွေးနွေးရေးကိစ္စတွေအတွက်ကတော့ အများကြီး အနှောင့်အယှက်အဟန့်အတားတွေဖြစ်တာပေါ့။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ စောင့်ကြည့်သွားရမယ့် အနေအထားလို့ ပြောလို့ရတာပေါ့”ဟု သူကပြောသည်။

ယင်းအပြင် AA အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်မတော်(MNDAA)၊ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တို့သည်လည်း AA နှင့်သဘောထားအတူတူဖြစ်သည်ဟု ဦးခိုင်သုခကပြောဆိုကြောင်း BBC သတင်းဌာနတွင် ရေးသားထားသည်။

တစ်ဖက်တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဟု ထုတ်ပြန်ပြောဆိုလာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့ခန့်ရှိလာသည်။ ဆွေးနွေးပွဲသို့တက်ရောက်မည့်အဖွဲ့များမှာ NCA ရေးထိုးထားသည့်

လက်နက်ကိုင်အဖွဲ့များဖြင့်ဖွဲ့စည်းထားသော PPST အဖွဲ့မှ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ဖြစ်သည်။

ယင်းအပြင် NCA မထိုးထားသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA) အနေဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့ဝင်အနေဖြင့်မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေဖြင့် တက်ရောက်မည်ဖြစ်ကြောင်း မီဒီယာများသို့ ဖြေကြားထားသည်။         

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စအတွက် တိုင်းရင်းသား လက်နက်ကိုင်(၁၇)ဖွဲ့နှင့် အဆက်အသွယ်ရထားသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(ဧပြီ ၂၇ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင် သည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များနှင့်ဆွေးနွေးရန်ပြောဆိုထားခြင်းဖြစ်သည်။

ဗီဒီယိုများ