ရသေ့တောင်မြို့နယ်တွင် ရွာအတွင်းလက်နက်ကြီးကျ၍ ကလေးငယ်တစ်ဦး ကျည်စထိမှန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်စည်ကုန်းကျေးရွာတွင် ယနေ့(စက်တင်ဘာ ၁၁ ရက်) နေ့လည် (၂)နာရီခွဲက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

By မျိုးသီရိကျော် 11 Sep 2020

မျိုးသီရိကျော် | DMG
စက်တင်ဘာ ၁၁ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်စည်ကုန်းကျေးရွာတွင် ယနေ့(စက်တင်ဘာ ၁၁ ရက်) နေ့လည် (၂)နာရီခွဲက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်စထိမှန်သွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

လက်နက်ကြီးကျည်တစ်လုံးမှာ အောင်စည်ကုန်းကျေးရွာမှ ဦးမောင်ရွှေသိန်း၏နေအိမ်သို့ သစ်ပင်ပေါ်မှတစ်ဆင့် ကျရောက်ပေါက်ကွဲခဲ့သဖြင့် နေအိမ်တွင်ရှိနေသည့် သားဖြစ်သူထံတွင် ကျည်စထိမှန်သွားခဲ့ကြောင်း ပြောသည်။

မောင်ပြည့်စုံအောင်၏ ဘယ်လက်မောင်းနှင့် ပခုံးရိုးတို့တွင် လက်နက်ကြီးကျည်စများ ထိမှန်သွားခဲ့သဖြင့် လက်ရှိ စေတီပြင်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဖခင်ဖြစ်သူ ဦးမောင်ရွှေသန်းက ဆိုသည်။

“အရိုးကိုထိသွားတဲ့အတွက် ဓာတ်မှန်ရိုက်ရမယ်။ ဒီစေတီပြင်ဆေးရုံမှာက ဓာတ်မှန်ရိုက်စက်မရှိဘူးလေ။ အဲတာကြောင့် စစ်တွေဆေးရုံကိုသွားရမယ်” ဟု ဦးမောင်ရွှေသန်းက ပြောသည်။

တပ်မတော်ရေယာဉ် ၂ စီးသည် ယနေ့နေ့လည်ပိုင်းက မယူမြစ်ကြောင်းအတိုင်းသွားစဉ် အနီးအနားကျေးရွာ များသို့ လက်နက်ကြီးငယ်များဖြင့် လှမ်းပစ်မှုများရှိခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောဆိုကြသည်။ 

ယနေ့ပစ်ခတ်မှုအတွင်း မယူမြစ်အရှေ့ဘက်ကမ်းရှိ ခနောင်းကြီးကျေးရွာမှ နေအိမ်အချို့ပျက်စီးကာ နွားနှစ်ကောင်ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ရွာသစ်ကေကျေးရွာသို့လည်း ပစ်ခတ်မှုများရှိခဲ့သည့်အတွက် ရွာသားများမှာ ဗုံးခိုကျင်းထဲတွင်ပုန်းခို နေခဲ့ရပြီး လက်နက်ကြီးကျည်ကျရောက်မှုကြောင့် နေအိမ်နှစ်ဆောင်ပျက်စီးသွားခဲ့ကြောင်း ရွာသစ်ကေ ကျေးရွာမှ ကိုအောင်ဆန်းလှိုင်ကပြောသည်။

“၂ နာရီလောက်ကလက်နက်ကြီးတွေနဲ့ ပစ်တာပါ။ အချက် ၂၀ ကျော် လောက်ပစ်တာ။ တောင်ထက်မှာ ကလေး တစ်ယောက်နှစ်ယောက် လိုင်းသုံးနေကြတာကိုတွေ့လို့ တပ်မတော်ကလူတွေက လက်နက်ကြီးတွေနဲ့ ပစ်ကြတာ။ နေအိမ်တွေလည်းပျက်စီးတယ်၊ အပင်တွေလည်းကျိုးတယ် ” ဟု ကိုအောင်ဆန်းလှိုင်က ဆိုသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ရဲရင့်အောင်အား DMG မှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကိုဗစ်ကာလဖြစ်သော်လည်း ရသေ့တောင်မြို့နယ်အတွင်း ပစ်ခတ်မှုများနေ့စဉ်ရှိနေကြောင်း ရသေ့တောင်မြို့မှ စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် ကိုဘက္ကာကပြောသည်။

ဗီဒီယိုများ