ရခိုင်တွင် သတ်မှတ်မဲရလဒ် မရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၄ ဦး အာမခံငွေ ဆုံးရှုံး

ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၄ ဦးသည် သတ်မှတ်မဲရလဒ် မရသောကြောင့် အာမခံငွေသုံးသိန်း ဆုံးရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။

By မင်းထွန်း 15 Dec 2020

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ မဲဆွယ်စည်းရုံးရေလှုပ်ရှားမှုကိုတွေ့ရစဉ်။

မင်းထွန်း | DMG
ဒီဇင်ဘာ ၁၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၄ ဦးသည် သတ်မှတ်မဲရလဒ် မရသောကြောင့် အာမခံငွေသုံးသိန်း ဆုံးရှုံးမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းအရ သိရသည်။

ရခိုင်တွင် ဝင်ရောင်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် ၁၅၄ ဦးထဲတွင် သတ်မှတ်ထားသည့် ထောက်ခံမဲ ရှစ်ပုံတစ်ပုံ ( ၁၂.၂၅ ရာခိုင်နှုန်း) မရရှိသည့် ကိုယ်သားလှယ် ၆၄ ဦးရှိနေခြင်းဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်းများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၁၂ ဦး၊ ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ၆ ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှ ၇ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၇ ဦးတို့ ဖြစ်ကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီမှ ၆ ဦး၊ ကမန်အမျိုးသားတိုးတက်ရေးပါတီမှ ၂ ဦး၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ၃ ဦး၊ တသီးပုဂ္ဂ ၁၈ ဦး၊ ရခိုင်အမျိုးသားပါတီ (ANP) မှ ၂ ဦး၊ ချင်းတိုင်းရင်းသားများပါတီမှ ၁ ဦး စုစုပေါင်း (၆၄) ဦးရှိခြင်းဖြစ်သည်။

ထို့ကြောင့် ရခိုင်တွင် ခိုင်လုံမဲ ရှစ်ပုံတစ်ပုံနှင့် အထက်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၀ ဦးသာ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကျပ် သုံးသိန်းကို ပြန်လည်ထုတ်ယူခွင့်ရမည်ဖြစ်သည်။

“ခိုင်လုံမဲရဲ့ ရှစ်ပုံတစ်ပုံ (၁၂.၂၅ ရာခိုင်နှုန်း) ရရင် အာမခံငွေသုံးသိန်းကို ပြန်ထုတ်လို့ရတယ်၊ ဥပဒေမှာ ပြဌာန်းပြီးသားဖြစ်တယ်” ဟု စစ်တွေခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးခင်မောင်ဦးက ဆိုသည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေအခန်း (၉) ပါ ပြဌာန်းချက်အရ ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံနှင့် အထက်မရရှိသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ရွေးကောက်တင်မြှောက်ခြင်း မခံရသော်လည်း ရွေးကောက်ပွဲတွင် ခိုင်လုံသော ဆန္ဒမဲရှစ်ပုံတစ်ပုံနှင့် အထက်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဝင်ခွင့် အာမခံငွေကို ရွေးကောက် တင်မြောက်ခံရသော လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကြေညာပြီးနောက်တွင် ၎င်းတို့အား သို့မဟုတ် ၎င်းတို့၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်အား ပုံစံ (၆- ဃ) ဖြင့် ပြန်လည် ထုတ်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီသည် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းစဉ် အာမခံကြေး ငွေကျပ်သုံးသိန်းကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပေးသွင်းထားရခြင်းဖြစ်သည်။

NLD ပါတီကိုယ်စားလှယ်လောင်းများ သတ်မှတ်ထောက်ခံမဲ မရရှိခြင်းမှာ ရခိုင်ပြည်သူလူထုများ အနေဖြင့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ရခိုင်ပါတီများကို မဲပေးကြသည့်အတွက်ကြောင်းဖြစ်သည်ဟု လက်ရှိ NLD ပါတီဝင် သံတွဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် ဦးနိုင်ကြွယ်အေးက ဆိုသည်။

“သူတို့ (ပြည်သူတွေ) အမြင်ကလည်း NLD ပါတီဟာ ဗမာပါတီ၊ ကိုယ့်လူမျိုးပါတီကိုပဲ ရွေးမယ်ဆိုတဲ့ အစွဲတွေလည်း ရှိကြတဲ့အတွက်ကြောင့် အခက်အခဲဖြစ်တယ်”  ဟု ၎င်းကပြောသည်။

အလားတူ ရခိုင်အခြေစိုက်ပါတီတစ်ခုဖြစ်သည့် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က “ လူထု မထောက်ခံလို့ နည်းတာဖြစ်တယ်၊ လူထုက မဲမပေးကြလို့ဖြစ်တယ်။ လူထုက ပါတီကိုမကြိုက်၊ မဲမပေးရင် မရဘူးပေါ့” ဟု ဆိုသည်။

ALD ပါတီသည် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၆ မြို့နယ်မှ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ်တစ်နေရာမှ အနိုင်မရရှိခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ