စစ်တွေမြို့၊ ဓညဝတီရပ်ကွက်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်ပေါ်တွင်ရေးသားသူအချို့ကို အမှုဖွင့်

စစ်တွေမြို့၊ ဓညဝတီရပ်ကွက်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရေသားခဲ့သူအချို့ကို စစ်တွေအမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

05 Apr 2022

DMG ၊ ဧပြီ ၅

စစ်တွေမြို့၊ ဓညဝတီရပ်ကွက်တွင်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရေသားခဲ့သူအချို့ကို စစ်တွေအမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည့် ဦးခိုင်မြတ်ကျော်၊ ကိုနိုင်စိုး၊ မချစ်အိလှိုင်နှင့် Western News သတင်းဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ ဃ ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်လှစ်ခဲ့သူ ကိုအောင်သန်းဇော်က ပြောသည်။

“ကျွန်တော်တို့ဖြစ်ခဲ့တဲ့ဖြစ်စဉ်က အဲမှာပဲပြီးတာမဟုတ်ပဲ တခြားလူတွေက အမျိုးမျိုးရေးသားကြတဲ့အတွက် ကျွန်တော်တို့ဆီမှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ရတာပါ”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်ဧပြီလတစ်ရက်နေ့က မချစ်အိလှိုင်အပါအဝင် လူနှစ်ဦးနှင့် သတင်းဌာနတစ်ခုမှ တာဝန်ရှိသူများကို အမှုဖွင့်မှုရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှုခင်းရေးရာဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးကလည်း DMG သို့ အတည်ပြုပြောဆိုသည်။

“အမှုဖွင့်ထားတာတော့ရှိတယ်။ ဒီအမှုအတွက် လက်ရှိမှာ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်”ဟု ၎င်းကပြောဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်လှစ်ခြင်းမှာ တရားမမျှတသည့် ဖြစ်စဉ်မျိုးသာဖြစ်သည်ဟု အမှုဖွင့်ခံရသည့်အထဲတွင်ပါဝင်သည့် မချစ်အိလှိုင်ကပြောသည်။

“ကျွန်မတို့တွေခံခဲ့ရတာကို ဘယ်အဖွဲ့အစည်းကမှ တာဝန်ခံခဲ့ကြတာမရှိဘူး။ အဖွဲ့အစည်းတိုင်းက သူတို့မဟုတ်ဘူးဆိုပြီး ထုတ်ပြန်ထားကြတယ်။ ဒီတော့ ဒီကိစ္စက ကျွန်မတို့ခေါင်းပေါ်ကိုပဲ စုပြုံကျလာတယ်။ ကျွန်မတို့မှာနေရထိုင်ရတာလည်း လုံခြုံမှုမရှိတော့ဘူး”ဟု ၎င်းကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရဲစခန်းတာဝန်ရှိသူများမှ စစ်ဆေးရာတွင်လည်း တရားခံတစ်ဦးကဲ့သို့ စစ်ဆေးခံခဲ့ရကြောင်း မချစ်အိလှိုင်က ထပ်လောင်းပြောကြားသည်။

“ကျွန်မရေးခဲ့တဲ့အထဲမှာ သေနတ်ပါတယ်ဆိုတော့ သေနတ်က ဘာအရောင်၊ ဘာအမျိုးအစားဆိုတာကအစ မေးမြန်းတာတွေရှိခဲ့တယ်။ နောက်ပြီး တရားခံတစ်ယောက်ကိုစစ်သလို စစ်ဆေးခဲ့ကြတာ”ဟု ၎င်းကပြောသည်။

ယခုအမှုဖွင့်တိုင်ကြားခဲ့သူ ကိုအောင်သန်းဇော်တို့မိသားစုမှာလည်း ထိုဖြစ်စဉ်ကြောင့် စစ်တပ်နှင့်ရဲအင်အား ရာနှင့်ချီလာရောက်စစ်ဆေးမှုများကို ခံခဲ့ရကြောင်းနှင့် ကိုအောင်သန်းဇော်မှာ ရဲစခန်းသို့ နာရီပေါင်းများစွာ သွားရောက်စစ်ဆေးခံခဲ့ရမှုများရှိကြောင်း ဖခင်ဖြစ်သူ ဦးမောင်တင်လှိုင်ကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က ဓညဝတီရပ်ကွက်တွင် မွေးနေ့ပွဲကျင်းပရာ၌ ညဉ့်နက်သည်အထိ အသံဆူညံနေသည့်အတွက် အနီးရှိနေအိမ်မှ ဟန့်တားရာကတစ်ဆင့် အချင်းများမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဟန့်တားရာတွင် ပါးစပ်ဖြင့် လာရောက်ပြောဆိုခဲ့ခြင်းမရှိပဲ အုတ်ခဲကျိုးဖြင့်သာ ပစ်ပေါက်ခဲ့သောကြောင့် အချင်းများခဲ့ရခြင်းဖြစ်ကြောင်း အမှုဖွင့်တိုင်ကြားခဲ့သူများကဆိုသည်။

“ကျွန်တော်တို့က မီးလာတဲ့အချိန် ရှစ်နာရီနောက်ပိုင်းမှစပြီး ဆောင်းဘောက်အသေးနှစ်လုံးနဲ့ ည ၁၁ နာရီကျော်လောက်အထိ ဖွင့်ထားခဲ့တာ။ အဲဒီအချိန်မှာ ဟိုဘက်ခြံက ဘာမှလာမပြောပဲ အုတ်ခဲကျိုးနဲ့ပစ်တဲ့အတွက် အဲဒီကိုလူတစ်ဆယ်ကျော်လောက်နဲ့သွားပြီး အခုလိုမလုပ်ဖို့သွားပြောခဲ့တာပဲရှိတယ်။ အချင်းများခဲ့တာပဲရှိတယ်။ ရိုက်တာပုတ်တာမရှိခဲ့ဘူး”ဟု ဦးမောင်တင်လှိုင်ကပြောသည်။

သို့သော် ညဉ့်နက်သည်အထိ ဆောင်ဘောက်များဖွင့်နေသည့်အတွက် ဆူညံမှုမလုပ်ရန်ပြောဆိုခဲ့သော်လည်း ဆက်လက်ဖွင့်ထားခဲ့သောကြောင့် ခဲဖြင့်ပေါက်ခဲ့သည့်အတွက် တဖက်ဘက်မှ ၃၀ ကျော်ခန့်က ဒုတ်၊ သံဂွများကိုင်ဆောင်ကာ ခြံအတွင်းသို့ကျူးကျော်ဝင်ရောက်ခဲ့ပြီး ခဲဖြင့်ပစ်သူကို ပါးနှစ်ချက်ရိုက်ခဲ့ကြောင်း မချစ်အိလှိုင်က ဆိုသည်။

“သူတို့က ကျွန်မမောင်ကိုပါးနှစ်ချက်ရိုက်ခဲ့တာ။ အိမ်ကတံခါးကိုလည်း ဖျက်ပြီးဝင်ခဲ့ကြတာ။ ဒါပေမယ့် အခုသူတို့ကပဲ တရားစွဲထားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည့် ဦးခိုင်မြတ်ကျော်၊ ကိုနိုင်စိုး၊ မချစ်အိလှိုင်နှင့် Western News သတင်းဌာနမှ တာဝန်ရှိသူများကို ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆ ဃ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

ဗီဒီယိုများ