သံတွဲခရိုင်အတွင်းမှ ယာယီပိတ်ထားသည့် ဟိုတယ်နှင့်ဧည့်ရိပ်သာ ၆၈ လုံးအနက် ၁၈ လုံးသာ ပြန်ဖွင့်နိုင်သေး

ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်းမှ ယာယီပိတ်ထားရသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း ၆၈ လုံးအနက် လက်ရှိတွင် ၁၈ လုံးသာ ပြန်ဖွင့်နိုင်သေးကြောင်း သံတွဲခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

20 Feb 2021

DMG | ဖေဖော်ဝါရီ ၂၀

ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်အတွင်းမှ ယာယီပိတ်ထားရသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း စုစုပေါင်း ၆၈ လုံးအနက် လက်ရှိတွင် ၁၈ လုံးသာ ပြန်ဖွင့်နိုင်သေးကြောင်း သံတွဲခရိုင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြည်နယ်အတွင်း ခရီးသွားလာရောက်လည်ပတ်မှု အများဆုံးနေရာ၌ပါဝင်သည့် သံတွဲနှင့် ငပလီတို့တွင် ဟိုတယ် ၄ လုံးအပါအဝင် ဧည့်ရိပ်သာ ၁၈ လုံးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သံတွဲခရိုင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

“ဒီဟိုတည်တွေကို သက်ဆိုင်ရာအထက်ဌာနရဲ့ ခွင့်ပြုချက်တွေအရ ခွင့်ပေးရတာဖြစ်ပါတယ်။ ကိုဗစ် စည်းကမ်းချက်တွေနဲ့အညီပေါ့နော်။ တချို့ဟိုတည်တွေဆိုရင် ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ လုပ်ဆောင် ထားပေမဲ့လည်း အထက်ဌာနဆိုင်ရာတွေက ဖွင့်ခွင့်မပြုရင်မရပါဘူး။ တချို့ဟိုတည်တွေ ဆိုရင်လည်း ဧည့်သည်တွေမလာတဲ့အတွက် ပြန်လည်မဖွင့်နိုင်ကြတော့ဘူး” ဟု ၎င်းကဆိုသည်။

သံတွဲခရိုင်အတွင်းမှ ဟိုတယ်နှင့် ဧည့်ရိပ်သာ ၁၈ လုံးကို ၂၀၂၀ ခုနှစ် သြဂုတ်လနှင့် ဒီဇင်ဘာလတို့တွင် သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်အရ အသီးသီးဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကြောင့် ခရီးသွားလာခွင့်ကန့်သတ်မှုများနှင့် လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် လက်ရှိဖွင့်လှစ် ထားသည့် ဟိုတယ်နှင့် ဧည့်ရိပ်သာများတွင် ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်တည်းခိုမှု နည်းပါး နေသဖြင့် ဟိုတယ်လုပ်ငန်းရှင်များ အခက်အခဲနှင့်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ငပလီမြို့ရှိ Royal လင်းသာ ဟိုတယ်ပိုင်ရှင် ဦးခင်မောင်ထွန်းက ဆိုသည်။

“ဒေသတည်ငြိမ်ခဲ့တုန်းကဆိုရင် ဒီရာသီမှာ ဧည့်သည်တွေအခန်းအပြည့်ပဲ။ အခုက တစ်ယောက်မှမရှိပါဘူး။ ဆိုတော့ ဟိုတည်ဝန်ထမ်းတွေကိုလည်း ပေးသင့်သလောက်ပေးထားရတယ်။ သူများတွေဆီက ချေးငှားပြီး ပေးရတယ်၊ အမြတ်မပြောနဲ့ အရှုံးတောင်ပေါ်သွားတယ်ပေါ့နော်။ တချို့ဆိုရင် အလုပ်တွေတောင်ရပ်သွားရပြီ” ဟု ၎င်းကဆိုသည်။

အချို့ဟိုတည်ပိုင်ရှင်များမှာ ဟိုတည်ကိုပြန်လည်ဖွင့်လှစ်နိုင်ရန်နှင့် လုပ်ငန်းပြန်လည်ပတ်နိုင်ရန်ပင် အခက်အခဲ ရှိနေကြကြောင်း သိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရသည့် ဟိုတယ်နှင့် အဆင့်မြင့်ဧည့်ရိပ်သာ ၉၈ လုံးအနက် စစ်တွေ၊ မြောက်ဦးတွင်၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်တွင် အလုံး ၄၀ ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားကြောင်း ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စာရင်းအရသိရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုအပြင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုလည်းရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်တွင်းပြည်ပခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ထက်၂၅ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း ပြည်နယ်ဟိုတည်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံဦးရဲအောင်မိုးက ဇန်နဝါရီလအတွင်းက DMG သို့ ပြောဆိုထားသည်။

ပြည်နယ်အတွင်း ခရီးသွားဝင်ရောက်မှုကျဆင်းခဲ့သည်နှင့်အမျှ ခရီးသွားလုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေကြသည့် ဒေသခံများမှာလည်း အလုပ်အကိုင် အဆင်မပြေမှုများနှင့်ရင်ဆိုင်နေကြရသည်။

ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာကာလအား ရေတို၊ ရေရှည်စီမံကိန်းရေးဆွဲကာ နှစ်အလိုက် ဆောင်ရွက်သွားရန်စီစဉ်ထားကြောင်းလည်း ပြောဆိုထားသည်။

ဗီဒီယိုများ