စစ်ကောင်စီမှပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို AA ထိန်းချုပ်ရာ မြို့နယ် ၆ မြို့နယ်တွင် ပြည်သူများအား ဦးစားပေးထိုးပေးရန်လျာထား

စစ်ကောင်စီမှပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ပြည်သူများအား ဦးစားပေးထိုးပေးသွားမည်ဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၂၁ ရက်နေ့တွင် DMG သို့ ပြောသည်။

21 Sep 2021

DMG ၊ စက်တင်ဘာ ၂၁

စစ်ကောင်စီမှပေးမည့် ကိုဗစ်ကာကွယ်ဆေးများကို ပြည်သူများအား ဦးစားပေးထိုးပေးသွားမည်ဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၂၁ ရက်နေ့တွင် DMG သို့ ပြောသည်။

အဆိုပါကာကွယ်ဆေးများကို ရက္ခိုင့်တပ်တော်(ULA/AA)မှ ထိန်းချုပ်ထားသည့်နယ်မြေများတွင် ထိုးနှံပေးနိုင်ရန်စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့အဖွဲ့ဝင်တွေထက် ပြည်သူတွေကို အဓိကဦးစားပေးပြီးတော့ ထိုးပေးဖို့စဉ်းစားထားတယ်။ ULA/AA ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာတော့ ကျွန်တော်တို့အစီအစဉ်နဲ့ပဲ ဒီကာကွယ်ဆေးတွေကို ထိုးပေးသွားဖို့အတွက်စီစဉ်ထားပါတယ်” ဟု ဦးခိုင်သုခက ပြောကြားသည်။

ရခိုင်ပြည်အတွင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်တို့ကို ဆေးထိုးပေးမည့်မြို့နယ်များအဖြစ် ကနဦးလျာထားပြီး ရလာမည့် ကာကွယ်ဆေးအပေါ်မူတည်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“လောလောဆယ် မြို့နယ်(၆)မြို့နယ်ဆိုတာက ကျွန်တော်လျာထားချက်ပဲဖြစ်တယ်။ အဓိကကတော့ ဆေးပမာဏ ဘယ်လောက်ရလာမလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့မှပဲ ကျွန်တော်တို့ တိတိကျကျပြောလို့ရမှာဖြစ်တယ်။ အခုလောလောဆယ်ကတော့ အတိအကျတော့ပြောလိုမရသေးဘူး”ဟု ၎င်းကဆိုသည်။

ပြည်သူ့များအနေဖြင့် မိမိတို့ရရှိသည့်အခွင့်ရေးကို လက်လွတ်ဆုံးရှုံးမခံဘဲ ကိုဗစ်ကာကွယ်ဆေးထိုးရန် ရက္ခိုင့်တပ်တော်(ULA/AA)က တိုက်တွန်းပြောဆိုထားသည်။

လူဦးရေတစ်သိန်းသုံးသောင်းစာအတွက် တရုတ်နိုင်ငံထုတ်(Sinopharm)ကိုဗစ်ကာကွယ်ဆေးများမှာ ယနေ့စက်တင်ဘာ(၂၁)နေ့တွင် ရခိုင်သို့ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောဆိုထားသည်။

ရခိုင်သို့ ယနေ့ရောက်ရှိမည့် ကိုဗစ်ကာကွယ်ဆေးထိုးမည့် ဦးစားပေးအုပ်စုများထဲမှ EAO အုပ်စုတွင် ရက္ခိုင့်တပ်တော်(AA) ၏တပ်ဖွဲ့များပါဝင်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီမှ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှသိန်းက သတင်းဌာနများကို ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Covid-19 ကာကွယ်ဆေးထိုးနှံသူ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ