တစ်ပတ်အတွင်းရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် မေလ ၈ ရက်နေ့မှ ၁၅ ရက်နေ့ထိ)

- ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ လေယာဉ်ကွင်းဧရိယာနှင့် ဌာနဆိုင်ရာရုံးဟောင်းမြေနေရာများအတွင်း တည်ဆောက်ထားသည့် ရာနှင့်ချီသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ထားသဖြင့် ဖြိုဖျက်ပေးလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။

17 May 2022

မေ ၈

- ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ လေယာဉ်ကွင်းဧရိယာနှင့် ဌာနဆိုင်ရာရုံးဟောင်းမြေနေရာများအတွင်း တည်ဆောက်ထားသည့် ရာနှင့်ချီသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ထားသဖြင့် ဖြိုဖျက်ပေးလိုက်ရကြောင်း ဒေသခံများထံမှသိရသည်။
- အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ယခုမေလ ၆ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်သည်။
- ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်က ကျေးရွာများအတွင်းဝင်ရောက်ပြီး စစ်ဆေးမေးမြန်းခြင်းများ ကို ခပ်စိတ်စိတ်တွေ့လာနေရသည်။
- ရခိုင်တွင် ဆားကြမ်းလုပ်ကိုင်သည့် ဧကမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကထက် ယခု ၂၀၂၂ ခုနှစ်တွင် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ဟု ပြည်နယ်ဆားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်းကျေးရွာကို စစ်တပ်အပါအဝင် စစ်ကောင်စီအုပ်ချုပ်ရေးဌာနပေါင်းစုံလာရောက်ပြီး မေလ ၇ က်နေ့ ည ၁၀ နာရီလောက်က အိမ်ထောင်စုစာရင်းများကို စစ်ဆေးခဲ့ကြောင်းသိရသည်။
- ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA ၏ ကျေးရွာတာဝန်ခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေခဲ့သည်။

မေ ၉
- ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တက်ရောက်မည့် စစ်ကောင်စီ ဥက္ကဋ္ဌ ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုလာသည့် တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့ထက်မနည်း ရှိသည်။
- ကျောက်တော်မြို့၊ မဟာမုနိစစ်ဘေးရှောင်စခန်းတွင် မေလ ၉ ရက် နံနက် ၁ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အိမ်ခြေ ၂၆၂ ဆောင် မီးလောင်ဆုံးရှုံးသွားခဲ့သည်။
- စစ်ကောင်စီအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်သော (Stakehoders)သက်ဆိုင်သူများအားလုံး ပါဝင်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့က ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။

မေ ၁၀
- ဆယ်စုနှစ်တစ်ခုကြာ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည့် မွတ်ဆလင်ကျောင်းသားများမှာ ယခုနှစ်မှစတင်ပြီး စစ်တွေတက္ကသိုလ်တွင် Day(နေ့သင်တန်း)တက်ရောက်ခွင့် ရရှိသွားပြီဖြစ်သဖြင့် ရခိုင်နှင့်မွတ်ဆလင်တို့၏ ဆက်ဆံရေးကောင်းမွန်မှုအတွက် ခြေလှမ်းသစ်တစ်ခုဖြစ်လာသည်။
- ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်နေအိမ်အများစုမှာ တာပေါ်လင်စ၊ ဓနိတို့ဖြင့် မိုးကာထားသဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ခိုင်ခံ့မှုမရှိတော့ဘဲ ပျက်စီးနေသည့် စစ်ဘေးရှောင်နေအိမ်များကို မိုးမကျမီပြန်လည်ပြုပြင်ပေးရန် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။
- မြန်မာ့လူ့ဘောင်သစ်ဒီမိုကရေတစ်ပါတီကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)ထံ လာရောက်စစ်ဆေးခံရန် ပျက်ကွက်သည်ဟုဆိုကာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ (၁)နှစ် ယာယီရပ်ဆိုင်းလိုက်သည်။
- စစ်ကောင်စီအနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို တွေ့ဆုံဆွေးနွေးအဖြေရှာမည်ဆိုပါက ပါဝင်သင့်သော (Stakehoders) သက်ဆိုင်သူများအားလုံး ပါဝင်ရန်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KNLA)၊ ချင်းအမျိုးသားတပ်ဦး (CNF)တို့က မေလ ၉ ရက်နေ့မှာ ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။
- မြဝတီကုန်သွယ်ရေးဇုန်မှ တဖက်နိုင်ငံသို့တင်ပို့နေသည့် ဆီထွက်သီးနှံများတွင် (နှမ်းနက်)မှအပ မြေပဲနှင့် နှမ်းတင်ပို့မှုကို မေလ(၉)ရက်နေ့မှစတင်ကာ ခေတ္တဆိုင်းငံ့ထားကြောင်း မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
- စစ်ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ကြားထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် စာရင်းပေးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိပြီး ကျန်မတက်ရောက်သည့် အဖွဲ့များကို စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၀ ရက်နေ့က ဝေဖန်ခဲ့သည်။

မေ ၁၁
- လူကိုဥပါဒ်ဖြစ်စေသည့် အသားချောင်းများရောင်းချခြင်းကို တွေ့ရှိပါက တိုင်ကြားပေးရန် ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဇော်ဝင်းကပြောခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ယခုနှစ်အတွင်း ပြောင်းရွှေ့နိုင်ရန်အတွက် နေရာသစ်တွင် နေအိမ်များကို ယခုနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
- ရခိုင်ပြည်နယ်အတွင်းသို့ နယ်လုံလက်မှတ်ပါမှ ကုန်စည်များတင်သွင်းနေရမှုကြောင့် ကုန်စည်စီးဆင်းမှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်ဟု ကုန်သည်များက ပြောဆိုကြသည်။
- ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်နေသည့် စစ်ဘေးရှောင် အိမ်ထောင်စုများထဲမှ အိမ်ထောင်စု (၃၀) ကျော်မှာ နေထိုင်ဖို့ မြေနေရာ အခက်အခဲဖြစ်နေသည်။

မေ ၁၂
- ယခုလ အစောပိုင်းမှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြေပဲများ ပျက်စီးရှုံးဆုံးမှုရှိနေကြောင်း မြေပဲစိုက်တောင်သူများက ဆိုသည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အသစ်ဖောက်လုပ်ထားသောချောင်းမှာ ယခုရက်ပိုင်း မိုးရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လာသဖြင့် မကြာမီကျရောက်တော့မည့် မိုးရာသီတွင် အဆိုပါချောင်းပိတ်ဆို့မှုဖြစ်ပေါ်ကာ အနီးပတ်ဝန်းကျင်ကျေးရွာများ ရေနစ်မြုပ်မှုဖြစ်ပေါ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
- မြန်မာနိုင်ငံတွင် စားအုန်းဆီ (၉)ရက်စာသာကျန်ရှိတော့သည့်အတွက် ဆီဖြန့်ဖြူးရောင်းချပေးမှုကို လျှော့ရောင်းချသွားရန်ညွှန်ကြားထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရေးလုပ်ငန်း ကြီးကြပ်ရေးမှူးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ချိုက DMG သို့ ပြောခဲ့သည်။
- စက်သုံးဆီဈေးနှုန်းများမြင့်တက်နေဆဲဖြစ်သဖြင့် ရခိုင်မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့်မြို့များသို့ ပြေးဆွဲနေကြသည့် အဝေးပြေးယာဉ်လိုင်းတို့မှာ ဈေးနှုန်းမှာ မြင့်တက်လာနေကြောင်း သိရသည်။
- စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ်ခေါ်ထားသော်လည်း တစ်ဖက်တွင် ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ ရှိနေသည်။
- မြန်မာနိုင်ငံ၏ ပြည်တွင်းရေးပြဿနာမှာ ပြည်ပနိုင်ငံများ ပါဝင်နေသမျှကာလပတ်လုံး တိုင်းပြည်တည်ငြိမ်အေးချမ်းမည်ဆိုသည်မှာ ခက်ခဲသည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
- ဆရာဝန် ဇနီးမောင်နှံက သူနာပြု အမျိုးသမီးငယ်တစ်ယောက်အား ရိုက်နှက်မှု ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ကျေးရွာ တိုက်နယ်ဆေးရုံဝင်းအတွင်းတွင် ဖြစ်ပွားခဲ့သည်။
- စစ်တွေတက္ကသိုလ်မှာ ကျောင်းသားထက်ဝက်ကျော် ကျောင်းတက်ရောက်ခဲ့သည်ပြီး လူမျိုးဘာသာ ခွဲခြားမှု မရှိစေရေး ဖဲကြိုးပြာကမ်ပိန်းတစ်ခု ပြုလုပ်ခဲ့ကြသည်။  

မေ ၁၃
- ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်မြောက်(BOOSTER DOSE)ထိုးမည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏စာရင်းကို ကောက်ယူနေကြောင်း စစ်တွေတက္ကသိုလ် တာဝန်ရှိသူထံမှ သိရသည်။
- ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရသည့် ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံလျှောက်ထားချက်ကို မေလ ၁၃ ရက်နေ့တွင် မတူပီခရိုင်တရားရုံးမှ လက်ခံလိုက်ကြောင်း မိသားစုဝင်များထံမှသိရသည်။
- ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူများအနေဖြင့် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည်၊ စစ်တွေမြို့ ခိုင်သဇင်ခန်းမတွင် MISTER AND MISS TEEN Ethnic Tourism 2022 ပြိုင်ပွဲကြီးကို မေလ ၁၃ ရက်နေ့က Akyab Stars မှကျင်းပခဲ့ပြီး ဆုရရှိသူများကိုလည်း ဆုချီးမြှင့်ခဲ့ပါသည်။
မေ ၁၄
- ရာဇသတ်ကြီးဥပဒေပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။
- ANP ပါတီအတွင်း ရှေ့ဆက်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲရေးနှင့် ပါတီအင်အားဖြည့်တင်းရန်တို့အတွက် ပါတီဗဟိုကော်မတီအစည်းအဝေးကို (မေလ ၁၂ ရက်နေ့နှင့် ၁၃ ရက်)တို့တွင် ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ပြုလုပ်ခဲ့သည်။
- ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာရှိ ပြူးမချောင်းနံဘေးတွင် ရှေးဟောင်းကျောက်ဆစ်လက်ရာ ထိုင်တော်မူဆင်းတုတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သမိုင်းဝင် သလုံးတော်ဓာတ်စေတီတော်တွင် ကဆုန်ညောင်ရေသွန်းပွဲကို မေလ ၁၄ ရက် ညနေပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
- ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်းတွင် ယခုနှစ် သင်္ကြန်ကာလလွန်ကတည်းကစ၍ ရေခူလုပ်ငန်းများအား စတင်လုပ်ကိုင်နေကြပြီး ရေခူဈေးကွက်တွင် ဈေးမရမည်ကို လုပ်ငန်းရှင်များ စိုးရိမ်နေကြသည်။

မေ ၁၅
- မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာအုပ်စု၊ ပန်းမြောင်းကျေးရွာ၊ စာသင်ကျောင်းရပ်ကွက်နေ ဦးအောင်သာထွန်း အသက်(၆၈)နှစ်မှာ ပန်းမြောင်းကျေးရွာနှင့် (၄)မိုင်ခန့်ဝေးသည့် သဗို့ဇာဖက်သို့သွားရာမှ မိုင်းကိုတက်နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးခဲ့သည်။
- စစ်ကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တက်ရောက်မည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအပါအဝင် ပြည်တွင်းရှိ လူငယ်အဖွဲ့အစည်း(၂၄)ဖွဲ့မှ မေလ ၁၅ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သောကြောင့် တိုက်ပွဲများ အချိန်မရွေး ပြန်ဖြစ်လာနိုင်သည့်အနေအထားကို တွေ့ရသည်ဟု AA က မေလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် စစ်ကောင်စီမှ ဆန်သယ်ယူခွင့် ကန့်သတ်ပိတ်ပင်လိုက်သည့် နောက်ပိုင်းမှာ‌ ဆန်တစ်အိတ်ကို ၄ သောင်းဝန်းကျင်အထိ ငွေပေးပြီး ဝယ်ယူနေရသည့်အတွက် ဒေသခံရွာသားများမှာ စားသောက်‌ရေး အခက်အခဲဖြစ်နေသည်ဟု ဒါးလက်ချောင်းဒေသခံများက ပြောဆိုကြသည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မေလ ၁၅ ရက်နေ့ နေ့လည်ပိုင်းက ရိက္ခလာပို့သည့် စစ်ကောင်စီ စစ်ရဟတ်ယာဉ်တစ်စီး မြေပြင်သို့ ဆင်းသက်စဉ်တွင် ပစ်ခတ်ခံခဲ့ရသည်။

ဗီဒီယိုများ