တိုက်ပွဲကြောင့် ဘူးသီးတောင်မြို့နယ်တွင် စာသင်ကျောင်း (၉)ကျောင်း ပိတ်ထားရ

ကံပြင်၊ စပါးထား၊ ကွမ်းတောင်၊ သျှစ်ရှားတောင်၊ ဥယျာဉ်သာတို့က မူလတန်းကျောင်းများနှင့် နွားရုံတောင်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)ကိုလည်း ပိတ်ထားရသည်။ ထို့အပြင် စံဂိုးတောင်၊ ပြင်ချောင်းကျေးရွာတို့က မူလတန်း (လွန်)ကျောင်းနှင့် အလယ်ချောင်း(ခမီ)ကျေးရွာရှိ မူလတန်းကျောင်း(ခွဲ)တို့ကို ပိတ်ထားရခြင်းဖြစ်သည်။

31 Oct 2019

ချလူးအောင် | DMG
အောက်တိုဘာ ၃၁၊ စစ်တွေ

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်တွင် အစိုးရစာသင်ကျောင်း (၉)ကျောင်း ပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးကသိရသည်။

ကံပြင်၊ စပါးထား၊ ကွမ်းတောင်၊ သျှစ်ရှားတောင်၊ ဥယျာဉ်သာတို့က မူလတန်းကျောင်းများနှင့် နွားရုံတောင်ကျေးရွာ အလယ်တန်းကျောင်း(ခွဲ)ကိုလည်း ပိတ်ထားရသည်။ ထို့အပြင် စံဂိုးတောင်၊ ပြင်ချောင်းကျေးရွာတို့က မူလတန်း (လွန်)ကျောင်းနှင့် အလယ်ချောင်း(ခမီ)ကျေးရွာရှိ မူလတန်းကျောင်း(ခွဲ)တို့ကို ပိတ်ထားရခြင်းဖြစ်သည်။

“အခု တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေရှိပေမယ့် စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူ တွေ ပညာသင်နိုင်အောင်တော့ နီးစပ်ရာကျောင်းတွေမှာ တွဲပေးထားပါတယ်”ဟု မြို့နယ်ပညာရေးမှူး ဦးမောင် သန်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ကျောင်းသား၊ကျောင်းသူ (၅)ထောင်ကျော်ရှိနေပြီး ကိုယ်ထူကိုယ်ထ ဖွင့်လှစ် ထားသည့် အရေးပေါ်စခန်းများတွင်နေထိုင်ကြရကာ ၎င်းတို့ပညာရေးအတွက် ပညာရေးရန်ပုံငွေကဖြစ်စေ၊ အထူးအရေးပေါ်ရန်ပုံငွေကဖြစ်စေ ထုတ်နှုတ်သုံးစွဲပေးရန်လိုအပ်သည်ဟု ပြီးခဲ့သည့်သြဂုတ်လ (၆)ရက်နေ့က အမျိုးသားလွှတ်တော်တွင် ရခိုင်အမတ် ဦးခင်မောင်လတ်က ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း (၅၃)ခုရှိပြီး ကျောင်းသား ၊ကျောင်းသူ စုစုပေါင်း (၂၀၀၀)ကျော်ရှိကာ စစ်ဘေးရှောင် စခန်းနှင့် နီးစပ်သည့်ကျောင်းများတွင် ပညာသင်ကြားခွင့် ရရှိအောင်ဆောင်ရွက်ထားသည်ဟု ပညာရေးဝန်ကြီးဌာနက သြဂုတ်လအတွင်းတွင် ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းကစတင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် တဖြည်းဖြည်းပြင်းထန်လာ ပြီး မြို့နယ်အများအပြားတွင် တိုက်ပွဲဖြစ်ပွားလာသည်။ထို့ကြောင့် တိုက်ပွဲဖြစ်ပွားသည့်နေရာနှင့် နီးစပ်သည့် ဒေသက စာသင်ကျောင်းများကို ပိတ်ထားရခြင်းဖြစ်ပြီး တစ်ချို့ကျောင်းများတွင် တိုက်ပွဲဖြစ်လျှင် ကျောင်းပိတ် ထားရပြီး တိုက်ပွဲရပ်တန့်လျှင် ကျောင်းဖွင့်လှစ်ပြီး စာသင်ကြားနေရသည်။

ဗီဒီယိုများ