မြောက်ဦးကိုးသောင်းပုထိုးတော် ခေါင်မိုးနှင့်နံရံအချို့ အက်ကွဲပြိုကျမှုရှိလာ

“ရှေးဟောင်းပုထိုးတော်တွေနားမှာ လက်နက်ကြီးတွေပစ်ကြတာကြောင့် တုန်ခါမှုအရှိန်နဲ့ အခုလိုဖြစ်တယ်လို့ထင်ပါတယ်။ လက်ရှိမြောက်ဦးကိုးသောင်းဟာ စိုးရိမ်စရာအခြေနေရောက်နေပါတယ်” ဟု မြောက်ဦးယဉ်ကျေးမှုဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဆိုသည်။

By ခိုင်ရိုးလ 27 Jan 2020

(ဓာတ်ပုံ - VenEindar Sariya / Facebook)

ခိုင်ရိုးလ | DMG
ဇန်နဝါရီ ၂၇၊ မြောက်ဦး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး ခေါင်မိုးနှင့်နံရံအချို့ အက်ကွဲပြို ကျမှုများ ရှိလာသည်ဟု မြောက်ဦးယဉ်ကျေးမှုဒေသ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ယခုနှစ် ဆောင်းဝင်သည့်အချိန်ခန့်က စတင်ကာ ယနေ့အထိ အက်ကွဲမှုများဖြစ်ပေါ်ကာ ပြိုကျနေခြင်းဖြစ်ပြီး ကျောက်ဆစ်လက်ရာ ရုပ်လုံး၊ရုပ်ကြွများ ပြိုပျက်ခြင်းဟု ယင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက DMG သို့ပြောသည်။

“ရှေးဟောင်းပုထိုးတော်တွေနားမှာ လက်နက်ကြီးတွေပစ်ကြတာကြောင့် တုန်ခါမှုအရှိန်နဲ့ အခုလိုဖြစ်တယ်လို့ထင်ပါတယ်။ လက်ရှိမြောက်ဦးကိုးသောင်းဟာ စိုးရိမ်စရာအခြေနေရောက်နေပါတယ်” ဟု ဒေါ်ခင်သန်းက ဆိုသည်။

လုံခြုံရေးအခြေအနေအရ ပျက်စီးသွားသည်များကို ပြုပြင်ရန်လည်း မသွားရဲသဖြင့် ကမ္ဘာ့ယဉ်ကျေးမှုစာရင်းဝင်ရန်အတွက် စာရင်းဇယားများလုပ်ဆောင်သည့်အခါ ပျက်စီးနေသည့်အတိုင်းသာ တင်ပြလိုက်ရသည်ဟု ၎င်းကဆက်ပြောသည်။

“ဟို(ယူနက်စကို)ကလာစစ်တဲ့အခါမှာတော့ ဘယ်လိုဖြစ်မလဲ မသိရသေးဘူး” ဟု ဒေါ်ခင်သန်းကဆိုသည်။

လက်ရှိတွင် သျှစ်သောင်းပုထိုးနှင့်ပတ်သက်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ဦးစားပေးအလိုက် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ သိရသည်။

ကိုးသောင်းပုထိုးတော်ကြီးမှာ မြောက်ဦးမြို့ နန်းတော်ရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး အေဒီ ၁၅၅၃- ၁၅၅၆ ခုနှစ်အတွင်း ရခိုင်ဘုရင် မင်းတိက္ခာ တည်ထားခဲ့ခြင်းဖြစ်ပြီး ဘုရားဆင်းတုတော်ကိုးသောင်း ကိန်းဝပ်စံပယ်နေသဖြင့် ကိုးသောင်းပုထိုးတော်ကြီးဟု အမည်တွင်ခြင်းဖြစ်သည်။

မြောက်ဦးရှိ အခြားရှေးဟောင်းသမိုင်းဝင်စေတီများကို လက်နက်ကြီးကျည်များထိမှန်မှုများရှိသောကြောင့် ပျက်စီးမှုရှိနေသည်။

Related Post : မြောက်ဦးရှေးဟောင်းဘုရားတောင်ပေါ်ကို အခြေပြုပြီး တိုက်ခိုက်မှုများမပြုလုပ်ဟု တပ်မတော်ပြော

ဗီဒီယိုများ