တပ်မတော်က ဖမ်းဆီးထားသူတစ်ဦး ထပ်မံသေဆုံး

သြဂုတ်လ ၇ ရက်နေ့က ပုစွန်ဖေကျေးရွာနေ ဦးစံရွှေလှိုင် ၄၁ နှစ်သည် အစ်ကိုဖြစ်သူ၏ နာရေးကိစ္စဖြင့် မြောက်ဦးမြို့ပေါ်သို့ သွားရောက်ခဲ့ပြီး ယင်းနေ့ည ၅ နာရီအချိန်တွင် ကျေးရွာသို့ပြန်လာစဉ် တပ်မတော်(၃၇၇) တပ်ရင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

By အောင်ထိန် 11 Aug 2020

အောင်ထိန် | DMG
သြဂုတ်လ ၁၁ ၊ မြောက်ဦး

မြန်မာ့တပ်မတောာ်က ဖမ်းဆီးထားသည့် မြောက်ဦးမြို့နယ်၊ ပုစွန်ဖေကျေးရွာမှ ဒေသခံတစ်ဦး သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံက သိရသည်။

သြဂုတ်လ ၇ ရက်နေ့က ပုစွန်ဖေကျေးရွာနေ ဦးစံရွှေလှိုင် ၄၁ နှစ်သည် အစ်ကိုဖြစ်သူ၏ နာရေးကိစ္စဖြင့် မြောက်ဦးမြို့ပေါ်သို့ သွားရောက်ခဲ့ပြီး ယင်းနေ့ည ၅ နာရီအချိန်တွင် ကျေးရွာသို့ပြန်လာစဉ် တပ်မတော်(၃၇၇) တပ်ရင်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းဖမ်းဆီးခံရပြီး ၃ ရက်ခန့်အကြာ သြဂုတ်လ ၁၀ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် (၃၇၇)တပ်ရင်းထဲမှ အလောင်းတစ်လောင်းသယ်ယူရန် မြောက်ဦးရဲတပ်ဖွဲ့မှ အကူအညီတောင်းလာသဖြင့် သွားရောက်ယူဆောင်ခဲ့ကြောင်း မြောက်ဦးနာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌ ဦးမောင်ပိန်က ဆိုသည်။

“ကျနော် တပ်ရင်းထဲရောက်တဲ့အခါ ခြံစည်းရိုးတံခါးတွေ ပိတ်လိုက်တယ်။ ကျနော်တို့ ညနေ ၄ နာရီအထိ စောင့်ခဲ့ရတယ်။ သူတို့(တပ်မတော်သားတွေ)က အလောင်းကိုယူလာတယ်၊ ကားမှာတင်တယ်။ အလောင်းမှာက ပါးရိုးတွေကျိုးလို့ သွေးတွေလည်းထွက်နေတယ်။ ခြေတွေမှာလည်းရွံ့တွေနဲ့” ဟု ဦးမောင်ပိန်က ပြောသည်။

အဆိုပါအလောင်းမှာ ပုစွန်ဖေကျေးရွာမှ ဦးစံရွှေလှိုင်၏ အလောင်းဖြစ်ကာ အလောင်းကို နာရေးကူညီမှုအသင်းက မြောက်ဦးဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

“ဦးခေါင်းတွေအကုန်လုံးပြိုနေပြီ။ သုံးရက်တောင်ရှိပြီဆိုတော့ အလောင်းကပုတ်ပြီး အရည်တွေတောင်ထွက်နေပြီ” ဟု ဦးစံရွှေလှိုင်၏ညီမ ဒေါ်မပုချေကပြောသည်။

ပုစွန်ဖေကျေးရွာမှ ဦးစံရွှေလှိုင်(၄၁နှစ်)အား မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုမှ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်က သြဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သြဂုတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်အချိန်တွင် မြောက်ဦးမြို့နယ် တပ်ရင်းဌာနချုပ်တစ်ခုရှိ အမှတ်(၂) ဂိတ်တံခါးကို အမည်မသိလူတစ်ဦးက လာရောက်တွန်းဖွင့်ခဲ့ကြောင်း၊ လုံခြုံရေးအဖွဲ့မှ မေးမြန်းစဉ် ပြန်လည် ဖြေကြားခြင်းမရှိသဖြင့် ခြောက်လန့်ပစ်ခတ်စဉ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ဖမ်းဆီးရမိခဲ့သည့် ဦးစံရွှေလှိုင်အား ကနဦး စစ်ဆေးမေးမြန်းချက်အရ အေအေအဖွဲ့မှ ကိုယ်ပိုင်အမှတ် AA-၆၇၃၂ တပ်သားအဆင့်ရှိသူဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသော်လည်း မိသားစုဝင်များက အေအေနှင့်လုံးဝ ဆက်စပ်မှုမရှိကြောင်း ဆိုသည်။

“အဲဒါက သူတို့(တပ်မတော်)က လုပ်ကြံပြီးပြောတာ။ ဘာမှလည်း ပတ်သက်တာမရှိဘူး။ အဲဒီတပ်ရင်းနားကိုလည်း သွားတာမဟုတ်ဘူး။ စစ်သားကားလာတဲ့အခါတွေ့လို့ ရိုက်နှက်ပြီး ကားနဲ့ခေါ်ဆောင်သွားတာ။ အဲဒီနားမှာ ရှိတဲ့ မျက်မြင်လူတွေမြင်လိုက်တယ်” ဟု ဒေါ်မပုချေကပြောသည်။

တပ်မတော်၏ထုတ်ပြန်ချက်အရ ဦးစံရွှေလှိုင်အား အသေးစိတ်ထပ်မံစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် မြောက်ဦးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဦးစံရွှေလှိုင်၏ ရုပ်အလောင်းကို ယနေ့(သြဂုတ်လ ၁၁ ရက်) နံနက်ပိုင်းက သဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

“ဒါက ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်တယ်။ စစ်ရာဇဝတ်ချိုးဖောက်မှုလည်းဖြစ်တယ်။ သူတို့ဖမ်းဆီးထားတယ်လို့လည်း ပြောတယ်။ သူတို့လက်ထဲမှာ သေဆုံးတာဖြစ်တဲ့အတွက် သူတို့တာဝန်ခံရမယ်” ဟု ရခိုင့်လူ့အခွင့် အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဇော်ဇော်မင်းက ပြောသည်။

ယင်းသို့ လူ့အခွင့်အရေးချိုးဖောက်သူများကို စစ်ဥပဒေအရလည်းကောင်း၊ အရပ်ဥပဒေအရလည်းကောင်း တပ်မတော်က တာဝန်ယူပြီး အရေးယူပြရမည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အဲဒီလိုအရေးမယူဘူးဆိုရင် စစ်တပ်ကနေပြီးတော့ ဥပဒေမဲ့သတ်ဖြတ်ခြင်းတွေကို ခွင့်ပြုထားတယ်။ တွန်းအားပေးထားတယ်။ ပြစ်မှုကျူးလွန်သူတွေကို ကာကွယ်ပေးနေတယ်လို့မြင်တယ်” ဟု ဦးဇော်ဇော်မင်းက ဆက်ပြောသည်။

ဇူလိုင်လအတွင်းကလည်း ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှ ဘီယာဗူးခွံများ ကောက်ယူနေသည့် ဦးကျော်လှိုင် (၃၁နှစ်)အား တပ်မတော်သားများက ဖမ်းဆီးသွားပြီးနောက် ၂ ရက်ခန့်အကြာတွင် ၎င်း၏ ခန္ဓာကိုယ်အပိုင်းအစများကို ကျောက်တော် ကစ္ဆပနဒီတံတားအနီးမှ ရှာတွေ့ခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်စုချေက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ဖြစ်ပွားနေသည့် တိုက်ပွဲကာလအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရမ်းဗြဲနှင့် ရသေ့တောင်မြို့နယ်တို့၌ တပ်မတော်က သံသယဖြင့် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးသွားသူ ၂၀ ဦးခန့်အထိ ရှိလာနေပြီဖြစ်သည်။

ဗီဒီယိုများ