ရခိုင်တွင် တိုက်ပွဲမဖြစ်ပွားစေရေး ဆောင်ရွက်နေဟု တပ်မတော်ပြော

ရခိုင်ပြည်နယ်တွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားစေရန် ဆောင်ရွက်နေ၍ တပ်မတော် အင်အားဖြည့်တင်းခြင်းများမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

By မင်းထွန်း 31 Dec 2020

မင်းထွန်း | DMG
ဒီဇင်ဘာ ၃၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပွားစေရန် ဆောင်ရွက်နေ၍ တပ်မတော် အင်အားဖြည့်တင်းခြင်းများမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရခိုင်ပြည်နယ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ပဲ ဆောင်ရွက်နေတာရှိတယ်။ စစ်အင်အား ဖြည့်တင်းတာမရှိဘူးလို့ပဲ ပြောချင်တယ်။ စစ်အင်အားဖြည့်တင်းတာရှိတယ်ဆိုရင် ဘာအထောက်အထားအရ ပြောတာလဲလို့ ထပ်ပြီးမေးချင်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းမှစတင်ကာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများသည် ၂ နှစ် နီးပါးအထိ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။ သို့သော် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ သိသိသာသာ လျော့နည်းသွားခဲ့ပြီး လက်ရှိတိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည်မှာ တစ်လကျော်ရှိနေပြီဖြစ်သည်။

သို့သော်လည်း မြန်မာ့တပ်မတော်ဘက်မှ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ချောင်းတစ်လျှောက်တွင် နေဗီ၊ သင်္ဘောများ တစ်နေ့လျှင်ငါးစီးခန့် အတက်အဆင်းပြုလုပ်နေသည်ကိုတွေ့ရကြောင်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“မြန်မာ့တပ်မတော်ဘက်က စစ်နေဗီတွေဟာ အမြဲတမ်းလိုလို ကုလားတန်မြစ်ကြောင်းတစ်လျှောက် အတက်အဆင်းပြုလုပ်နေတာတွေကို ဒေသခံပြည်သူတွေ မြင်တဲ့အတွက် စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ မိမိနေရပ်ကနေ စစ်ဘေးရှောင်စခန်းကို ပြန်လာတာကိုတွေ့တယ်။ တချို့ကတော့ စိုးရိမ်ပူပန်မှုတွေနဲ့ ဒီနှစ်ကုန်ရင်ဘာဖြစ်မလဲဆိုပြီး သံသယစိတ်တွေနဲ့ စိုးရိမ်နေကြတာရှိတယ်” ဟု ၎င်းကဆိုသည်။

ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲထားပြီး တပ်မတော်၏ အပစ်ရပ်ကြေငြာချက်တွင် ရခိုင်ပြည်နယ်ပါဝင်မှုမရှိသဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

နေရပ်ကိုပြန်သွားကြသည့် စစ်ဘေးရှောင်အချို့မှာ တိုက်ပွဲပြန်ဖြစ်မည်ကိုစိုးရိမ်၍ ယခင်ခိုလှုံခဲ့သော စစ်ဘေးရှောင်စခန်းများသို့ ပြန်လည်ရောက်ရှိလာကြကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ တပ်မတော်သတင်းစာရှင်လင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပွား နိုင်လား၊ ဆက်မဖြစ်ပွားနိုင်လားဆိုတာကတော့ နှစ်ဖက်လုံးအပေါ်မှာ မူတည်လိမ့်မယ်” ဟု ဆိုသည်။

တပ်မတော်နှင့် AA တို့အနေဖြင့် အပစ်ခတ်ရပ်စဲပြီးငြိမ်းချမ်းရေးရရှိရန်အတွက် အမြဲတမ်းတွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်သည်။

“တိုက်ပွဲမဖြစ်ပွားဖို့အတွက်ဆိုရင် ဆွေးနွေးပွဲတွေလုပ်ဖို့လိုတယ်။ နောက်တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေ ယူဖို့လိုတယ်။ ပြီးရင် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်တွေ အဓိကလိုအပ်တယ်။ အခုလောလောဆယ်မှာ သူတို့ (တိုက်ပွဲ)ရပ်နေတာက နားလည်မှုတခုခုရထားတယ်လို့ အကြမ်းဖြင့်သတ်မှတ်လို့ရတယ်။ တကယ့်ကို အပစ်ခတ်ရပ်စဲဖို့ဆိုရင်တော့ သဘောတူညီချက်တွေလိုအပ်တယ်” ဟု ၎င်းကဆက်၍ ဆိုသည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တပ်မတော်နှင့် AA တို့ကြား နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် အွန်လိုင်းအစည်းအဝေးတစ်ခုကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

ယင်းနောက် ဒီဇင်ဘာလ ၉ ရက်နေ့တွင်လည်း တပ်မတော်နှင့် AA တို့သည် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင် နှစ်ဖက်လက်နက်ကိုင်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ဗီဒီယိုများ