PDF တပ်ဖွဲ့များကို AA ချီးကျုး

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏ တိုက်ခိုက်စွမ်းရည်ကို ချီးကျူးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

05 Mar 2022

Photo - ဒီမော့ဆို PDF

DMG ၊ မတ် ၅

အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့၏ တိုက်ခိုက်စွမ်းရည်ကို ချီးကျူးကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“အခု PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကို ပြောရမယ်ဆိုရင် ဘာမှမရှိတဲ့ကြားထဲက လုပ်ရဲတဲ့သတ္တိကို မချီးကျူးပဲ မနေနိုင်ဘူး"ဟု ၎င်းကဆိုသည်။

သို့သော် PDF များအနေဖြင့် စည်ကမ်းပိုင်းနှင့် စုစည်းမှုအပိုင်းများတွင် ယခုထက်ပို၍ စနစ်တကျထိန်းကျောင်းမည်ဆိုပါက ပိုမိုကောင်းလာမည်ဟုလည်း ဦးခိုင်သုခက အကြံပြုပြောဆိုသည်။

ယနေ့ပြုလုပ်ခဲ့သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် PDF အဖွဲ့များအား ဦးခိုင်သုခက ယင်းသို့ချီးကျူးစကား ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော တော်လှန်ရေးအင်အားစုများကိုလည်း အသိအမှတ်ပြုကာ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်လိုစိတ်နှင့်ကြိုးပမ်းမှုကို အသိအမှတ်ပြုကြောင်း ဦးခိုင်သုခက ပြောသည်။

“ကျနော်တို့က မြန်မာပြည်မထဲ ပြည်သူတွေရဲ့ ဖိနှိပ်ခံနေရတာတွေကို စာနာပါတယ်။ ကိုယ်ချင်းစာပါတယ်။ သူတို့ရဲ့ဖိနှိပ်ခံအောက်က လွတ်မြောက်လိုစိတ်နဲ့ ကြိုးပမ်းနေမှုကို အသိအမှတ်ပြုပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို မကျေနပ်သဖြင့် လူငယ်တို့မှာ မြို့နယ်အလိုက် ကာကွယ်ရေးတပ်များဖွဲ့စည်းကာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြပြီး စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ