AA စစ်ဦးစီးချုပ်၏ ညီမနှင့်ယောက်ဖတို့ကို ရမန်ယူ

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ မနှင့်ယောက်ဖတို့ကို ယနေ့(နိုဝင်ဘာလ ၁ ရက် နေ့)က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့သည်။

By မြတ်ဝင်းကျော် 01 Nov 2019

ဓာတ်ပုံ-ဇာမဏီ

မြတ်ဝင်းကျော် | DMG

နိုဝင်ဘာ ၁ ၊ ရန်ကုန်

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ မနှင့်ယောက်ဖတို့ကို ယနေ့(နိုဝင်ဘာလ ၁ ရက် နေ့)က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးတွင် ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့သည်။

အောက်တိုဘာလ (၁၉)ရက်နေ့က ထိုင်းနိုင်ငံ၊ချင်းမိုင်က ပြန်လာသည့် စစ်ဦးစီးချုပ်၏ ယောက်ဖ ကိုကျော်နိုင် နှင့် လာကြိုသူ မမိုးနှင်းဖြူတို့ကို ရန်ကုန်လေဆိပ်တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

၎င်းတို့ နှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က)(ခ)(ဂ) တို့ဖြင့် တိုင်းသတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူး မင်းခိုင် က တရားလိုပြုလုပ်ကာ အမှုဖွင့်ထားခြင်းဟု မရမ်းကုန်းမြို့နယ် တရားရုံးမှသိရသည်။

“ဒီနေ့က သူတို့ကို တရားစွဲမတင်ခင် တိုင်းဒေသကြီး ဥပဒေရုံးက ဥပဒေအကြံတောင်းခံပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုကို ခွင့်ပြုချက်တောင်းခံဖို့ရှိတဲ့အတွက် ချုပ်ရမန် ထပ်တောင်းတာဖြစ်တယ်” ဟု မရမ်းကုန်းမြို့နယ် တရားရုံး ပြန်ကြားရေးအရာရှိ ဦးမိုးဆွေက ပြောသည်။

ထို့ကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့ထိ ချုပ်ရမန်ပေးလိုက်ပြီး အင်းစိန်အကျဉ်းထောင်၌ ချုပ်နှောင် ခွင့်ပြုလိုက်သည်။

ဦးကျော်နိုင်သည် စက်တင်ဘာလအတွင်း မန္တလေးမြို့တွင် AA နှင့်ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ ဖမ်း ဆီးရမိသူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုတွင် တရားခံပြေး မောင် မောင်စိုးဆိုသူကို ငွေကြေးထောက်ပံ့ သည် ဟုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် ကိုလည်း AA ကို ထောက်ပံ့နေသည်ဟု စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်စဉ် ရန်ကုန် လေဆိပ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားစွဲဆိုထားသည်။

လက်ရှိတွင် AA နှင့်ပတ်သက်ပြီး ဖမ်းဆီးခံထားရသူ (၂၁၇)ဦး ရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံက သိရသည်။

ဗီဒီယိုများ