AA တပ်မှူးချုပ်၏ ညီဖြစ်သူနှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးအမှုတွင် လိုပြသက်သေတစ်ဦးသာ စစ်ရန်ကျန်

ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးကို ယနေ့(မေလ ၄ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ပြီး အမှုကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

04 May 2021


DMG ၊ မေ ၄

ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နှင့်အတူ ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၈ ဦးကို ယနေ့(မေလ ၄ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ပြီး အမှုကိုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ရုံးထုတ်ရာတွင် လိုပြသက်သေတစ်ဦးဖြစ်သည့် ဒုရဲမှူးဇော်မိုးကို စစ်ဆေးခဲ့ကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။

ယခုအမှုတွင် လိုပြသက်သေ ၁၄ ဦးရှိသည့်အနက် လက်ရှိမှာ ၁၃ ဦးကို စစ်ဆေးပြီးဖြစ်သဖြင့် ကျန်သက်သေ တစ်ဦးကိုစစ်ဆေးပြီးပါက အမှုကိုစွဲချက်တင်သင့်၊ မသင့် လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်ကျော်စိန်က ပြောသည်။

“ကျန်တဲ့သက်သေ ဒုရဲမှူးမင်းမင်းသူ (နည်းပညာကျွမ်းကျင်)ကို လာမယ့် ၁၁ ရက်နေ့ရုံးချိန်းမှာ စစ်ဖို့ချိန်းတယ်။ နောက်တစ်ပတ်ကျရင် ဒုရဲမှူးမင်းမင်းသူကိုစစ်လို့ပြီးရင် စွဲချက်တင်သင့်၊ မသင့် လျှောက်လဲချက်ပေးရမယ်” ဟု ၎င်းကဆိုသည်။

ရခိုင်အသင်း(စင်္ကာပူ)မှ ခေါင်းဆောင်များဖြစ်ကြသည့် ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေး၊ ကိုဟိန်းဇော်၊ ကိုရဲကျော်ထက်၊ မမေကြီး၊ ကိုတင်လှိုင်ဦး၊ ကိုမြတ်လေးဦး၊ ကိုရွှေလှိုင်သန်းတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်မှု၊ ငွေကြေးထောက်ပံ့မှုများရှိသည်ဆိုသည့်စွပ်စွဲချက်များဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖမ်းဆီးခဲ့သည်။

အဆိုပါ ရခိုင်လူငယ် ၈ ဦးကို ရန်ကုန်တိုင်းသတင်းတပ်ဖွဲ့မှ ရဲမှူးတင်ရွှေကတရားလိုပြုလုပ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်အသင်း(စင်္ကာပူ)သည် ရခိုင်ပြည်နယ်၌ သဘာဝဘေးဒဏ်ကျရောက်မှုများ၊ စစ်ဘေးဒဏ်ခံရသည့် ပြည်သူများကို ကူညီထောက်ပံ့ပေးနေသည့်အဖွဲ့အစည်းတစ်ခုအဖြစ် လူသိများကြသည်။

ရခိုင်ပြည်နယ်တွင်လည်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာကာလ အတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ များနှင့် တရားစွဲဆိုခံရသူ ၃၆၂ ဦးရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

ယင်းအထဲမှ မြောက်ဦးခရိုင်မှ ၁ ဦး၊ ကျောက်ဖြူခရိုင်မှ ၄ ဦး၊ မောင်တောခရိုင်မှ ၁ ဦး၊ စစ်တွေခရိုင်မှ ၆၇ ဦးနှင့် သံတွဲခရိုင်မှ ၉ ဦး၊ စုစုပေါင်း ၈၂ ဦးမှာ ပြန်လည်လွတ်မြောက်လာကြောင်းလည်း သိရသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေပုဒ်မ- ၅၂(က)နှင့် တရားစွဲဆိုခံရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌအပါအဝင်လေးဦးတို့အား စွဲဆိုထားသည့်အမှုမှာ ပြစ်မှုမထင်ရှား သောကြောင့် ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်မှ အာဏာသိမ်းမှုဖြစ်ပေါ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရက္ခိုင့်တပ်တော်(AA)အား အကြမ်းဖက်အဖွဲ့မှ ပြန်လည်ရုပ်သိမ်းကြောင်း ယခု ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကြေငြာခဲ့သည်။

သို့သော် အေအေနှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ များ၏ အမှုများကို မြန်မာနိုင်ငံရှိ အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ရုတ်သိမ်း၍ ရမည်ဖြစ်ကြောင်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဧပြီလ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဗီဒီယိုများ