စစ်ကောင်စီ၏ သူရဲဘောကြောင်လုပ်ရပ်ကြောင့် မြောက်ဦးသည် ဓားစာခံဖြစ်နေရသည်ဟု AA စစ်ဦးစီးချုပ်ပြော

အပြစ်မဲ့ပြည်သူများကိုတိုက်ခိုက်သည့် သူရဲဘောကြောင်လုပ်ရပ်များကို စစ်ကောင်စီကလုပ်ဆောင်နေပြီး မြောက်ဦးမြို့သည် ဓားစာခံဖြစ်နေရသည်ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယနေ့(စက်တင်ဘာ ၄ ရက်)တွင် ၎င်း၏တွစ်တာပေါ်၌ ရေးသားထားသည်။

04 Sep 2022

DMG ၊ စက်တင်ဘာ ၄

အပြစ်မဲ့ပြည်သူများကိုတိုက်ခိုက်သည့် သူရဲဘောကြောင်လုပ်ရပ်များကို စစ်ကောင်စီကလုပ်ဆောင်နေပြီး မြောက်ဦးမြို့သည် ဓားစာခံဖြစ်နေရသည်ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယနေ့(စက်တင်ဘာ ၄ ရက်)တွင် ၎င်း၏တွစ်တာပေါ်၌ ရေးသားထားသည်။

“အပြစ်မရှိတဲ့ပြည်သူတွေကိုပဲ တိုက်ခိုက်ရဲတဲ့ သူရဲဘောကြောင်အုပ်စုရဲ့လက်ထဲမှာ မြောက်ဦးဟာ ဓားစာခံဖြစ်နေတယ်။ အခုလို သူရဲဘောကြောင်လုပ်ရပ်တွေကို တပ်မ ၅၅ ခြေမြန်တပ်ရင်းက တပ်မမှူးကိုယ်တိုင် တိုက်ရိုက်လမ်းညွှန်ကွပ်ကဲနေတာဖြစ်တယ်”ဟု AA စစ်ဦးစီးချုပ်ကပြောဆိုသည်။

စက်တင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် မြောက်ဦးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်လှုပ်ရှားကာ သေနတ်ပစ်ဖောက်ပြီး ဒေသခံများကိုဖမ်းဆီးခဲ့ပြီးနောက်တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့နံနက်ပိုင်းက မြောက်ဦးမြို့အတွင်းဝင်ရောက်လာကာ ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ၅၄၀၊ ၃၇၇၊၃၇၈ စသည့်တပ်ရင်းများမှလည်း လက်နက်ကြီးပစ်ခတ်သံကြားရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ယင်းအပြင် မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်တွင်နေထိုင်သည့် ကိုကျော်ဇံဝေ(ခ)ကိုရင်ဆို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများက DMG ကိုပြောသည်။

ယခုလုပ်ရပ်မှာ စစ်ကောင်စီက ပြည်သူလူထုအပေါ် အကြောက်တရားလွှမ်းမိုးအောင် လုပ်ဆောင်နေသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ဝေဖန်သည်။

“မြို့ထဲကိုဝင်ပြီးတော ယမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်တာတွေက မကောင်းဘူး။ အဲဒါ ပြည်သူတွေအပေါ်မှာ တမင်အနိုင်ကျင့်တာဖြစ်တယ်”ဟု ဦးမြတ်ထွန်းကဆိုသည်။

မြောက်ဦးဒေသသည် ရှေးဟောင်းအမွေအနှစ်များပေါများပြီး ရခိုင်တို့၏ တန်ဖိုးထားသည့်နေရာတစ်ခုလည်းဖြစ်သည်။ တစ်ဖက်မှာလည်း အဆိုပါဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်။

ပြီးခဲ့သည့် စစ်ရေးပဋိပက္ခကာလကလည်း မြောက်ဦးမြို့ဟောင်းမှ ဘုရားပုထိုးစေတီတချို့ ပျက်စီးမှုများရှိခဲ့ပြီး ယခုအခါ စစ်ရေးအခြေအနေ တင်းမာလာလျက်ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ် ဦးသန်းစိုးနိုင်က “စစ်ကောင်စီနဲ့ PDF တွေ EAOs တွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေအတွင်းမှာ စစ်ကောင်စီက ဘာထိန်းသိမ်းမှု၊ ထိန်းချုပ်မှုမှမရှိဘဲနဲ့ မထင်ရင်မထင်သလို လုပ်ဆောင်နေတာကိုတွေ့ရတယ်။ အထူးသဖြင့် ချင်းတောင်တန်းနဲ့ ကရင်နီပြည်နယ်တွေမှာ ဘုရားရှိခိုးကျောင်းတွေကို ထိန်းသိမ်းမှုမရှိဘဲနဲ့ ပစ်ခတ်ဖျက်စီးခဲ့တာ ၁၀ ဂဏန်းကျော်ရှိနေပါပြီ။ ဆိုလိုတာက ဒီလိုဟာမျိုးတွေဖြစ်လာလို့ရှိရင် ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းစောင်ရှောက်ဖို့ဆိုတာဟာ စစ်ကောင်စီတပ်သားတွေမှာ မရှိပါဘူး”ဟု ပြောသည်။

လက်ရှိမြောက်ဦးမြို့အတွင်း စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေသဖြင့် ဈေးဆိုင်များကိုပိတ်ထားကြပြီး မြို့အတွင်း လူသွားလူလာလည်းနည်းပါးနေသည်ဟု ဒေသခံများထံမှသိရသည်။

“ဒီလောက် စီးပွားရေးကျပ်တည်းနေတဲ့အနေအထားမှာ ဈေးရောင်း၊ ဈေးဝယ်လည်း မလုပ်ရတော့ဘူး။ ဒီအချိန်မှာ မြန်မာစစ်တပ်က လက်နက်အင်အားနဲ့ ခြိမ်းခြောက်နေတာဟာ မလုပ်သင့်ဘူး”ဟု မြောက်ဦးမြို့မှ လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

ထိုကိစ္စရပ်များနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG မှ ဖုန်းနှင့်ဆက်သွယ်ခဲ့သော်လည်း လတ်တလောတွင် ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ အလားတူ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပေ။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလျက်ရှိနေပြီး လက်ရှိတွင်လည်း နှစ်ဖက်စစ်ရေးအရှိန်မြင့်မားနေသည့်အတွက် တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

ဗီဒီယိုများ