ပြည်သူများအခက်အခဲဖြစ်နေသည့်အချိန် စစ်ရေးအရ ပြဿနာများမဖြစ်အောင် တက်နိုင်သမျှရှောင်ရှားရန် မြေပြင်မှ တပ်မှူးများကို ညွှန်ကြားထားကြောင်း AA ပြော

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မိုးတွင်းကာလပြည်သူများစားဝတ်နေရေးအခက်အခဲများနေသည့်အချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြဿနာများမဖြစ်ရအောင် ရှောင်ရှားကြရန် မြေပြင်စစ်ရေးတပ်မှူးများကို ညွှန်ကြားထားကြောင်း ရက္ခိုင့်တပ်တော်(AA) ကပြောသည်။

15 Aug 2021

DMG ၊ သြဂုတ် ၁၅

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မိုးတွင်းကာလပြည်သူများစားဝတ်နေရေးအခက်အခဲများနေသည့်အချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြဿနာများမဖြစ်ရအောင် ရှောင်ရှားကြရန် မြေပြင်စစ်ရေးတပ်မှူးများကို ညွှန်ကြားထားကြောင်း ရက္ခိုင့်တပ်တော်(AA) ကပြောသည်။

ယခုအချိန်တွင် ပြည်သူများကို ကူညီရန်မှာဦးစားပေးဖြစ်သည့်အတွက် စစ်ရေးပြဿနာများမဖြစ်အောင် တတ်နိုင်သမျှ ရှောင်ရှားမည်ဖြစ်သော်လည်း စစ်ရေးအရလိုအပ်လာလျှင် လိုအပ်သလို စဉ်းစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ သြဂုတ် ၁၅ ရက်နေ့ အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် (AA )စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အခုလိုကပ်ဘေးရောဂါကာလ၊ မိုးတွင်း ပြည်သူတွေစားဝတ်နေရေးအခက်အခဲများတဲ့ကာလမှာတော့ စစ်ရေး အရ ပြဿနာတွေ မတက်လာအောင် ရှောင်ရှားဖို့ မြေပြင်တပ်မှူးတွေကို ညွှန်ကြားလို့ရှိတယ်။ ဒီဟာမှာလည်း အကန့်အကတ်တော့ ရှိတယ်။ကျနော်တို့ သည်းခံနိုင်တဲ့ အတိုင်းအတာ၊ မဖြစ်သင့်တဲ့ အလုပ်ကိုမဖြစ်အောင် ပေါ့။ ဒီအချိန်ဟာ ပြည်သူတွေကိုကူညီဖို့က နံပါတ်တစ်ဦးစားပေးဖြစ်ပါတယ်။ ဒါကြောင့် တက်နိုင်သမျှ ရှောင်ရှား မယ်။ စစ်ရေးအရကိုလည်း လိုအပ်ရင်လိုအပ်သလို စဉ်းစားပြီးလုပ်ဆောင်သွားမယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

ရက္ခိုင့်တပ်တော်(AA) အနေဖြင့် ပြဿနာများကို  နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် လိုလားသော်လည်း တခြားတစ်ဖက်မှ စစ်ရေးအရ ရန်လိုမှုများပြခြင်းရှိကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA) ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းများကို စစ်ကောင်စီဘက်မှ အကြိမ်ကြိမ်ကန့်ကွက်မှုရှိသည့်အပြင် စစ်ကောင်စီ၏ စစ်ရေးအရ လှုပ်ရှားမှုများ တင်ကျပ်လာခြင်းကို သတိထားစောင့်ကြည့်နေသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

“ ကျနော်တို့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပိုင်းတွေကို သူတို့ဘက်က လုံးဝလက်မခံနိုင်၊ ကန့်ကွက်တာတွေကို အခါခါကြုံရတယ်။ ကျနော်တို့လုပ်နေတာကို ဒေသဆိုင်ရာတပ်မှူးတွေက ကန့်ကွက်လာတာ၊ ကြားခံတွေဆီက ကန့်ကွက်လာတာတွေရှိတယ်။သူတို့ဘက်က ကြည့်ရင်လည်း သူတို့မှန်တယ်လို့ထင်မယ်။ ကျနော်တို့ဘက်က ကြည့်ရင်လည်း ကျနော်တို့လုပ်သင့်တဲ့ အလုပ်ကိုလုပ်နေတာဖြစ်တယ်။ ဒါတွေကို နားလည်မှုမယူဘဲ စစ်ရေးအရ လှုပ်ရှားမှုတွေ ပိုပြီးတင်းကျပ်လာတာ၊ ခြိမ်းခြောက်မှုလုပ်တာတွေကို ကျနော်တို့ သတိထားပြီး စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မတရားမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြဿနာများနှင့် တရားဥပဒေအဆုံးအဖြတ်ခံယူရမည့် မူခင်းများအားလုံးကို တိုင်ကြားနိုင်ကြောင်း သြဂုတ် ၁ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထုတ်ပြန်ခဲ့သည်။

ယင်းနောက်တွင် စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်တွင်းက မြို့နယ်တချို့တွင် စစ်အင်အားတိုးချဲ့မှုများ ရှိလာနေသည့်အတွက် ဒေသခံများမှာ တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA) အနေဖြင့် စစ်ကောင်စီနှင့် ယာယီအပစ်ခတ်ရဲစဲခြင်းမှလွဲ၍ ယနေ့အချိန်ထိ နိုင်ငံရေးအရ တစ်စုံတစ်ရာ အပေးအယူ ဂတိကဝတ်၊ စာချုပ်စာတမ်းမရှိသေးကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ဗီဒီယိုများ