ပုဏ္ဏားကျွန်းတွင် စစ်သားတစ်ဦးကို AA ဖမ်းဆီး၊ စစ်တပ်ကလည်း ဒေသခံတစ်ဦးကို စစ်ဆေးရန်ခေါ်သွား

ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ (ဇွန်လ ၁၆ ရက်နေ့)၊ ညနေ ၃ နာရီခန့်အချိန်က မြန် မာစစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြို့ခံတစ်ဦးကိုလည်း မြန်မာစစ်တပ်ဘက်က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

16 Jun 2022

DMG ၊ ဇွန် ၁၆

ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ယနေ့ (ဇွန်လ ၁၆ ရက်နေ့)၊ ညနေ ၃ နာရီခန့်အချိန်က မြန် မာစစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် မြို့ခံတစ်ဦးကိုလည်း မြန်မာစစ်တပ်ဘက်က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံက သိရသည်။

စစ်သားအဖမ်းခံရသည့်နေရာသည် ခမရ ၅၅၀ တပ်ရင်းနှင့် ကိုက် ၁၀၀ ခန့်သာ ဝေးကွာသည်။အဆိုပါ နေရာတွင် စစ်သားနှစ်ဦးရှိနေစဉ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ယင်းနောက်တွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အခင်းဖြစ်ပွားရာအနီးရှိ ဆောက်လုပ်ရေးပစ္စည်းရောင်းချသည့် ဆိုင်ပိုင်ရှင်တစ်ဦးကို ခေါ်ဆောင် သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့်  ဒေသခံတစ်ဦးက ပြောသည်။

“AA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာတော့သေချာပါတယ်။ စစ်တပ်က ၂ယောက်ကို ခေါ်သွားတာမှာ ၁ ယောက်က လွတ်သွားတယ်လို့ကြားတယ်။ AAက ခေါ်သွားလို့ပြီးရင် စစ်တပ်က ဆောက်လုပ်ရေးပစ္စည်းရောင်း တဲ့ဆိုင်ပိုင်ရှင် ဒေသခံတစ်ယောက်ကိုတော့ ခေါ်သွားတယ်။ဆိုင်ကစစ်တွေ-ရန်ကုန်ကားလမ်းမနားမှာပဲ ဖွင့်ထားတာ။ ဖြစ်တာက သူ့ဆိုင်ရှေ့ မှာ ဖြစ်တာ မလို့ သူ့ကို စစ်တပ်က ခေါ်သွားတယ်လို့ပြောတယ်”ဟု သူ ကပြောသည်။

အခြားဒေသခံတစ်ဦးကလည်း ယခုဖြစ်ပွားခဲ့သည့်နေရာတွင် ရိုက်နှက်မှုများဖြစ်ပေါ်နေသဖြင့် ရန်ဖြစ်နေသည်ဟု ထင်မှတ်ပြီး နောက်ပိုင်းတွင်သာ AA တပ်ဖွဲ့ဝင်များက  စစ်သားတစ်ဦးကို  ဖမ်းဆီးခြင်းဟု သိရှိရကြောင်း ပြောသည်။

“အခုတော့ ပုဏ္ဏားကျွန်း -ရသေ့တောင်ဂိတ်မှာ စစ်တပ်က အသွားအလာတွေ စစ်ဆေးနေတယ် လို့ပြောတယ်။ လမ်းတွေ တော့ မပိတ်ဘူး။မြို့ထဲ မှာလည်း စစ်တပ် က ဆိုင်ကယ်တွေ နဲ့ ပတ်ပြီးသွားနေတာ တွေ ရှိတယ်။ ဒေသခံတွေ အနေနဲ့တော့ စိုးရိမ်တာပေါ့ ။ အိမ်ထဲ ဝင်ပြီး စစ်ဆေး မေးမြန်းမှာ ကိုလည်း ကြောက်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ထိုသို့ဖြစ်ပွားသွားပြီးနောက် မြန်မာစစ်တပ်ဘက်က သေနတ်ပစ်ဖောက်မှုများရှိနေသောကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။ထို့ပြင် ဈေးဆိုင်ခန်းများကိုလည်း ပိတ်ထားပြီး မြို့တိတ်ဆိတ်နေသည်ဟု ပထမ ဆုံး သတင်းရင်းမြစ်က ပြောသည်။

“မြို့ထဲ မှာ သေနတ်သံ နှစ်ချိန်း သုံးချိန်းလောက်ကြားလိုက်တယ်။မြို့တစ်ခုလုံးတိတ်ဆိတ်နေတယ် ။ မြို့ထဲမှာ စစ်တပ်က အားလုံး လျှောက်သွားနေတယ်။ တစ်ယောက်မှ အပြင် မထွက်ရဲ ကြတော့ဘူး။ဆိုင်တွေ လည်း အားလုံး ပိတ်ထားကြတယ် “ဟုသူကပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။အလားတူ ရက္ခိုင့်တပ်တော်ဘက်ကို DMG က ဆက်သွယ်နေ သေးသောကြောင့် အသေးစိတ်ကို မသိရှိရသေးပါ။

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်နေ့ကလည်း ကျောက်တော်မြို့တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်နှစ်ဦးကို AA ကဖမ်းသွား သည်။လက်ရှိအချိန်တွင် AA လက်ထဲတွင် မြန်မာစစ်တပ်တပ်ဖွဲ့ဝင်ရာနှင့်ချီရှိနေပြီး ဖမ်းဆီးခံထားရသည့် ULA/ AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးလျှင် ချက်ချင်းပြန်လွှတ်ပေးမည်ဟု AA ဘက်က ဇွန်လ ၁၄ ရက်နေ့က ပြော ထားသည်။

ဗီဒီယိုများ