တပ်မတော်တပ်ရင်းမှူးအပါအဝင် စုစုပေါင်း(၂၀)ဦးခန့်ကို ဖမ်းဆီးထားဟု AA ထုတ်ပြန်

ပလက်ဝမြို့နယ်၊ မီးဝဗျူဟာကုန်းအနီး တိုက်ပွဲတွင် ခမရ(၇)၏ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံးစုစုပေါင်း(၂၀) ဦးခန့်အား လက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

By မြတ်ဆွေ 11 Mar 2020

မြတ်ဆွေ | DMG
မတ် ၁၁၊ စစ်တွေ

ပလက်ဝမြို့နယ်၊ မီးဝဗျူဟာကုန်းအနီး တိုက်ပွဲတွင် ခမရ(၇)၏ တပ်ရင်းမှူး သက်နိုင်ဦး အပါအဝင် အရာရှိ၊ အကြပ်၊ ရဲဘော်အားလုံးစုစုပေါင်း(၂၀) ဦးခန့်အား လက်ရဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်၊ မီးချောင်းတံတားအနီး အမြောက်စခန်း(ဗျူဟာကုန်း)၏ ပတ်ဝန်းကျင်သို့ စစ်ကူပေးရန်လာသော တပ်မ(၇၇) လက်အောက်ခံ၊ ပဲခူးတိုင်း၊ ဘုရားကြီးမြို့အခြေစိုက်၊ ခမရ(၇)အား တိုက်ခိုက်ခဲ့ရာ ထိုသို့ဖမ်းဆီးရမိခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်က (၂၀)ကျော်ကျဆုံးခဲ့သည်ဟုလည်း ဆိုထားသည်။

“အဲဒီဗျူဟာကုန်းကို စစ်ကူလာတဲ့ စစ်ကြောင်း။ သူတို့ကို ရဟတ်ယာဉ်နဲ့လာပြီးတော့ ချတာ။ အဲဒီတပ်ရင်းကို ကျနော်တို့ဘက်က ချေမှုန်းလိုက်တာ”ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောသည်။

ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများကို ရက္ခိုင့်တပ်တော်(AA)၏ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်း၊စည်းကမ်းများ၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထိန်းသိမ်းထားမည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရက္ခိုင့်တပ်တော်(AA)သည် စစ်ဖက်နှင့်သက်ဆိုင်သူများကို ဖမ်းဆီးထားပြီး တပ်မတော်ဘက်က ဖမ်းဆီးထားသည့် အရပ်သားများနှင့် AA တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည်ဆိုလျှင် ၎င်းတို့ကိုလည်း လွှတ်ပေးမည်ဟု နှစ်ကြိမ်ထက်မနည်း ထုတ်ပြန်ဖူးသည်။

သို့သော် ယင်းကမ်းလှမ်းချက်ကို တပ်မတော်နှင့်အစိုးရက လက်မခံနိုင်ကြောင်း တုန့်ပြန်ထားသည်။ ထိုသို့ ပြန်မလွှတ်ပေးလျှင် မိမိတို့ဖမ်းဆီးထားသူများကိုလည်း ဆက်လက်ထိန်းသိမ်းထားမည်ဟု ရက္ခိုင့်တပ်တော်(AA) ဘက်က တုန့်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်နေပြီး မီးချောင်းတံတားအနီး ဗျူဟာကုန်းပတ်ဝန်းကျင်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကာ တပ်မတော်ဘက်က ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်လျက်ရှိနေသည်ဟု AA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဗီဒီယိုများ