AA နှင့်ဆက်စပ်၍ဖမ်းဆီးခံထားရသည့် လက္ကာရွာသားများအပါအဝင် ၄၆ ဦးလွတ်မြောက်ပြီ

ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးရာတွင် လက္ကာရွာသားများအပါအဝင် ၄၆ ဦးမှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။

12 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၂

ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့် ဆက်စပ်သူ ၄၆ ဦးကို အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးရာတွင် လက္ကာရွာသားများအပါအဝင် ၄၆ ဦးမှာ အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြပြီဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ လက္ကာရွာသား ၂၃ ဦး၊ သာစည်ရွာသား ၃ ဦး၊ မြောက်ဦးအချုပ်ခန်းမှ ၁၀ ဦး၊ သံတွဲအကျဉ်းထောင်မှ ၂ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၆ ဦးနှင့် အင်းစိန်အကျဉ်းထောင်မှ ၂ ဦးတို့ဖြစ်ကြသည်ဟု အချက်အလက်များပြုစုနေသည့် နိုင်ငံရေးအကျဉ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က DMG သို့ပြောသည်။

လွတ်မြောက်လာသူ မိခင်တစ်ဦးက “ပြန်လွတ်ရင်ပြီးပါပြီ။ ကူညီပေးကြတဲ့သူတွေ၊ အဖွဲ့စည်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အန်တီတို့မှာသားပြန်လွှတ်ရင်ကျေနပ်ပါပြီ”ဟု ၎င်းကပြောသည်။

ထိုသို့လွှတ်ပေးခြင်းမှာ စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍လည်းကောင်း လွှတ်ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးပြီး ယနေ့ကြေငြာထားသည်။

သို့သော် ဖမ်းဆီးခံထားရစဉ် ရေယာဉ်ပေါ်တွင် စစ်သားများ၏ရိုက်နှက်မှုဒဏ်ခံခဲ့ရပြီး တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဒေသခံ ၅ ဦးအပါအဝင် AA သံသယဖြင့် ဖမ်းဆီးခံထားရသူ ၆၀ ကျော်မှာ မလွတ်မြောက်သေးပေ။

ယနေ့ ပြည်ထောင်စုနေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား(၈၁၄)ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ကို ထောင်ဒဏ်ထက်ဝက်လျော့ချလိုက်သည်။

ဗီဒီယိုများ