တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးကို မောင်တောတိုက်ပွဲမှ ဖမ်းဆီးရမိကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (သြဂုတ်လ ၄ ရက်)တွင် ထုတ်ပြန်ထားသည်။

05 Aug 2020

ခိုင်ရိုးလ | DMG
သြဂုတ် ၅ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးတို့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယမန်နေ့ (သြဂုတ်လ ၄ ရက်)တွင် ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ဘူးသီးတောင်အခြေစိုက် ခလရ(၂၆၃)တပ်ရင်းမှ တပ်ကြပ် ဇော်ဇော် ၄၈ နှစ်၊ တပ်သား ရဲနိုင် ၃၆ နှစ်၊ တပ်သား ကောင်းထက် ၂၇ နှစ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြစ်ကြသည့် တပ်ကြပ် သစ်လွင်စိုး ၃၇ နှစ်၊ တပ်ကြပ် ထွန်းကျော်ကျော် ၂၈ နှစ်နှင့် တပ်သား မိုင်းဝေစံ ၂၆ နှစ်တို့ဖြစ်ကြောင်း အေအေ၏ထုတ်ပြန်ချက်က ဆိုသည်။

သြဂုတ်လ ၂ ရက်နှင့် ၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်အစပ်ရှိ အင်းဒင်-စေတီပြင် မေယုတောင်ကျော်လမ်း၌ တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၃ ရက်နေ့က မေယုတောင်ကြောပေါ်ရှိ အင်းဒင်တောင်ကျော်လမ်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အေအေက တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူးတစ်ဦး သေဆုံးသွားခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများမရှိစေရေး ဆောင်ရွက်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တပ်မတော်ကဆိုသည်။

အေအေ၏ထုတ်ပြန်ချက်အရ မြန်မာ့တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့(နယ်ခြားစောင့် တပ်ဖွဲ့)မှ ၁၆ ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

လက်ရှိမှာ တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးရမိကြောင်း အေအေ၏ထုတ်ပြန် ချက်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူများကို ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက် အသွယ်မရရှိခဲ့ပါ။

ဗီဒီယိုများ