ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးထားသည့် AA ၏ လုပ်ဆောင်ချက်က ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေကြောင်း NLD ပြော

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

By မင်းထွန်း 22 Oct 2020

Photo - ဦးမင်းအောင် facebook

မင်းထွန်း | DMG
အောက်တိုဘာ ၂၂ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ကိုယ်စားလှယ်လောင်း ၃ ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ဖမ်းဆီးခံထားရသည့် ကိုယ်စားလှယ်လောင်းများသည် စစ်သုံ့ပန်းများမဟုတ်သည့်အတွက် ၎င်းတို့ကို စစ်သုံ့ပန်း သဖွယ် လဲလှယ်ရန်တောင်းဆိုမည့်အစား AA အနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးသင့်ကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။

“ကိုယ်စားလှယ်လောင်းတွေဟာ စစ်သုံ့ပန်းမဟုတ်တဲ့အတွက် ဒါဟာ စစ်သုံ့ပန်းလဲလှယ်ဖို့ တောင်းဆိုရခြင်းဟာ ဆီလျော်မှုမရှိဘူး။ နောက် သူတို့ကိုဖမ်းဆီးတဲ့အခါ စစ်ဆေးမေးမြန်းရန်လို့ ဖော်ပြထားတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဖမ်းဆီးစဉ်ကတည်းက မိန်းမတွေပင်ရိုက်နှက်ထုထောင်းခံခဲ့ရတယ်လို့ သက်သေတွေက ထွက်ဆိုထားပါတယ်။ ဒီအချက်တွေဟာလည်း ကိုက်ညီခြင်းမရှိပါဘူး။ ဒါကြောင့် ဆီလျော်မှုမရှိတဲ့ တောင်းဆိုမှုအစား ဒီကိုယ်စားလှယ်လောင်းသုံးဦးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ကို တောင်းဆိုတာပါ” ဟု ၎င်းကပြောသည်။

ရက္ခိုင့်တပ်တော်(AA)က ၎င်းတို့သုံးဦးကို စစ်ဆေးမေးမြန်းရန် ခေါ်ယူထားခြင်းဖြစ်ကြောင်းနှင့် အခြေအနေ လိုအပ်ချက်အရ ကာလတစ်ခုအထိ ထိန်းသိမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက် နေ့တွင် ထုတ်ပြန်ခဲ့သည်။

NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ကိုယ်စားလှယ်လောင်းသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်က ကြမ်းတမ်းစွာ ဆဲဆိုကြိမ်းမောင်းခြင်း၊ လက်ဖြင့်ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့်ဆောင့်ခြင်း စသည့်လုပ်ရပ်များအပြင် ရာဇဝတ် သားများသဖွယ် လက်ပြန်ကြိုးများတုပ်ခြင်း၊ အဝတ်ခေါင်းစွပ်များစွပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု သိရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် AA အဖွဲ့၏လုပ်ရပ်များသည် နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ရာတွင် ကြီးမားသောအဟန့်အတား ဖြစ်လာနိုင်ကြောင်း NLD ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“အဓိကတော့ ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်ထဲမှာပါတယ်။ ဒါပေမယ့် အခုလို လက်နက်မဲ့ကိုယ်စားလှယ်လောင်းတွေကို လက်နက်အင်အားနဲ့ ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်။ ဒီလို ဖြစ်နေရင် ငြိမ်းချမ်းရေးမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုမရှိဘဲဖြစ်နိုင်ပါတယ်။ ယုံကြည်မှုမရှိဘဲနဲ့ ရှေ့ဆက် ဆွေးနွေးရေးမှာ ရှေ့ကိုတိုးတက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးမှာလည်း အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်” ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကဆိုသည်။

AA အနေဖြင့် အစိုးရနှင့် တပ်မတော်တို့၏ အမြစ်ပြတ်ချေမှုန်းရေးထိုးစစ်အား ညီနောင်မဟာမိတ်များ၊ ရခိုင် ပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲ၍ ခုံခံတိုက်ခိုက်နေရသော်လည်း တွေ့ဆုံဆွေးနွေးမှုဖြင့်သာ လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းများကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံးရပ်တန့်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်းကိုလည်း AA က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသည့် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၏ အဒေါ်ဖြစ်သူ ဒေါ်မြရီက “စိုးရိမ်တာကတော့ အသက်အန္တရာယ်ကအစ အကုန်လုံးကို စိုးရိမ်တယ်။ အန္တရာယ်ဘာမှမဖြစ်ဘဲနဲ့ ကိုယ့်အိမ်ကို ပြန်ရောက်ရင် ကျေနပ်ပါပြီ။ သူတို့မှာက အပြစ်ရှိတာလည်း မဟုတ်ဘူး။ သူတို့အလုပ်ကို သူတို့လုပ်ကြတာ၊ ဆဲဆိုကြတာလည်း မဟုတ်၊ သူများကို ညစ်ညစ်ပတ်ပတ်လုပ်တာလည်း မဟုတ်သလို သူတို့မှာလက်နက်ပါတာလည်း မဟုတ်ဘူး” ဟု ဆိုသည်။

NLD ပါတီ၏ ကိုယ်စားလှယ်လောင်းသုံးဦးဖြစ်သည့် တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့သည် တောင်ကုတ်မြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ