ပလက်ဝဒေသခံများထံမှ AA က ဆန်များ အတင်းအဓမ္မဝယ်ယူမှုရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ဆို

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က ဒေသခံများထံမှ ဆန်ကို ကာလ ပေါက်ဈေးထက်နည်းသည့် နှုန်းထားဖြင့် အတင်းအဓမ္မဝယ်ယူမှုများရှိနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ဆိုသည်။

By ဉာဏ်ဟိန်း 23 Oct 2020

ဓာတ်ပုံ - Arakan Army

ဉာဏ်ဟိန်း | DMG
အောက်တိုဘာ ၂၃ ၊ စစ်တွေ

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က ဒေသခံများထံမှ ဆန်ကို ကာလ ပေါက်ဈေးထက်နည်းသည့် နှုန်းထားဖြင့် အတင်းအဓမ္မဝယ်ယူမှုများရှိနေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)က ဆိုသည်။

ပလက်ဝမြို့နယ် ငရှားကျေးရွာအုပ်စုရှိ ငရှား၊ ကြောင်ချောင်း၊ ဘောင်ဝ၊ နှုံးဘူးကြီးနှင့် နှုံးဘူးငယ် စသည့် ကျေးရွာများမှ လက်ရှိကာလပေါက်ဈေး ဆန်တစ်အိတ် ၇၅၀၀၀ ကျပ်ကို AA က ၄၀၀၀၀ ကျပ်နှုန်းဖြင့် ဈေးနှိမ် ဝယ်ယူနေခြင်းဖြစ်သည်ဟု CHRO က ဒေသခံများ၏ပြောဆိုချက်ကို ကိုးကားပြီး အောက်တိုဘာ ၂၀ ရက် နေ့တွင် ထုတ်ပြန်ထားသည်။

CHRO ၏ ထုတ်ပြန်ချက်တွင် အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက “AA တွေက စက်တင်ဘာလ (၁၄)ရက် ကနေ ဆက်ကြေးကောက်တယ်၊ တစ်အိမ်ကို ဆန်နှစ်တင်းစီ ပေး‌ရတယ်လို့သိရတယ်။ ဆန်ကိုတစ်တင်းအတွက် ကျပ်(၁၀၀၀၀ )တော့ ပြန်ပေးတယ်လို့ပြောတယ်။ ပြီးတော့ ဆန်ကို ငသိန်းရွာအကျော်အထိ ထမ်းပို့ပေးရတယ်။ ထမ်းခအနေနဲ့ တစ်တင်းအတွက် ကျပ်(၂၀၀၀) ပေးတယ်လို့ ပြောပါတယ်။ ဆန်ကောက်တာက ငရှားရွာကနေ ရေချမ်းသာရွာတွေအထိအကုန်ပါတယ်လို့ပြောကြတယ်” ဟု ပြောဆိုထားသည်။

ငရှားကျေးရွာအုပ်စုသည် ပလက်ဝမြို့မှ စက်လှေနှင့် ၅ နာရီခန့်သွားရသည့် ခရီးအကွာအဝေးတွင် ရှိကြောင်း သိရသည်။

Chin IDP Support Committee အတွင်းရေးမှူး ဆလိုင်းကျော်အောင်က “အခုပြည်သူတွေက COVID-19 ဒဏ်လည်းခံနေရတယ်၊ သွားလာဆက်သွယ်ရေးလမ်းကြောင်းတွေလည်း အဖက်ဖက်မှပိတ်ပင်တဲ့အချိန်မှာ AA တွေအနေနဲ့က လူထုတွေဆီမှာ အခုလိုဆန်အတင်းအဓမ္မကောက်ယူတာဟာ လူထုအပေါ်မှာ စာနာ ထောက်ထားမှုမရှိဘူးလို့ ကျနော်ပြောချင်ပါတယ်၊ ဒီအဖြစ်အပျက်တွေဟာ အခုမှဖြစ်တာမဟုတ်ဘူး။ အရင် ကတည်းကလည်း အဲလိုဘဲလူထုတွေက အမြဲတမ်းခံနေရပြီး ခံနေရတာကြာလှပြီ” ဟု ဆိုသည်။

အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရသော ရက္ခိုင့်တပ်တော်(AA)အား ဆက်သွယ်ကြသည့် မီဒီယာ အချို့ကို အစိုးရကအမှုဖွင့်အရေးယူခြင်းများရှိ၍ ယခုကဲ့သို့ ပလက်ဝဒေသခံများထံမှ ဆန်များ အတင်းအဓမ္မ ဝယ်ယူနေခြင်းနှင့်ပတ်သက်ပြီး DMG မှ AA ကို ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။

ပလက်ဝဒေသခံတစ်ဦးဖြစ်သည့် ကိုတင့်ထွန်းအောင်က “ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာက ခူမီး ၂ မျိုး ဖြစ်နေတယ်။ ရခိုင်ခူမီးလို့ ခံယူထားတဲ့သူတွေနဲ့ ချင်းခူမီးလို့ ခံယူထားတဲ့သူတွေရှိတယ်။ အဲဒီလို AA အဖွဲ့က နေပြီးတော့ လုပ်တာမရှိဘူးလို့ ဒေသခံတချို့ကပြောကြတယ်။ သူတို့ပြောတာကတော့ ဆန်ဖိုးမပေးနိုင်ရင်တောင် တစ်ပတ်လောက် စောင့်ခိုင်းတာတွေပဲရှိတယ်။ အဲဒီလိုဈေးနှိမ်ပြီးဝယ်တာတွေ၊ အတင်းအဓမ္မတောင်းယူတာတွေ မရှိဘူး” ဟု ဆိုသည်။

ပလက်ဝမြို့နယ်အတွင်း၌ တပ်မတော်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေကြသည့်အပြင် ကိုဗစ် ကပ်ရောဂါတို့ပါ ဖြစ်ပွားလာသဖြင့် အသွားအလာကန့်သတ်လိုက်၍ စားသောက်ကုန်ပစ္စည်းများ ပြတ်လပ်ခြင်း၊ ကုန်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်ခြင်းတို့နှင့် ဒေသခံတို့ကြုံတွေ့နေကြရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်ပြီး အောက်တိုဘာလ ဒုတိယအပတ်က ဆန် ၁၇၀၀ အိတ်နှင့် အခြား စားနပ်ရိက္ခာများကို ပလက်ဝမြို့နယ်သို့ ပို့ဆောင်ပေးခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်၍ ကုန်ဈေးနှုန်းမြင့်မားလာခြင်းကြောင့် ဒေသခံများမှာ စားဝတ်နေရေး အဆင်မပြေဖြစ်နေကြသဖြင့် ဆန်ကြမ်းတစ်အိတ်လျှင် သုံးသောင်းကျပ်နှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောဆိုထားသည်။

 

ဗီဒီယိုများ