ဖမ်းဆီးခံ NLD ပါတီဝင် ၃ ဦးကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေလျင် ပြန်လွှတ်ပေးမည်ဟု AA ထုတ်ပြန်

ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦးအား နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားလည်မှုရရှိသောအခြေအနေတွင် အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်‌ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် ထုတ်ပြန် ထားသည်။

By အောင်ထိန် 21 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၂၁ ၊ စစ်တွေ

ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်သုံးဦးအား နှိပ်စက်ခြင်းမရှိဘဲ ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေကာ အပြန်အလှန်နားလည်မှုရရှိသောအခြေအနေတွင် အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်‌ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့(နိုဝင်ဘာလ ၂၁ ရက်)တွင် ထုတ်ပြန် ထားသည်။

ထို့အပြင် စွပ်စွဲချက်များဖြင့် ဖမ်းဆီးအကျဉ်းချခံနေရသော ရခိုင်ပြည်သူများနှင့် ရခိုင်နိုင်ငံရေးသမားများ အပါအဝင် မတရားဖမ်းဆီးခံထားရသော ULA အဖွဲ့ဝင်များ၏ ဆွေမျိုးရင်းချာများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုမှုကြောင့် ဖမ်းဆီးခံထားရသည့် ကျောင်းသားများအား လူသားချင်းစာနာစိတ်ဖြင့် အမြန်ဆုံးပြန်လွှတ် ပေးရန်လည်း AA က တောင်းဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အေအေအနေဖြင့် အကြမ်းဖက်ရာရောက်သည့် အပြစ်မဲ့အရပ်သားများကို ဖမ်းဆီးထိန်းသိမ်းခြင်းတို့ကို ရှောင်ရှားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအသွင်ကိုရယူကာ နိုင်ငံရေးဆွေးနွေးပွဲများ လုပ်လာမည်ဆိုပါက ငြိမ်းချမ်းရေးတွင် သိသာသည့်တိုးတက်မှု ရှိလာမည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြိုဆိုတဲ့အနေနဲ့ လက်ရှိအစိုးရဖက်ကလည်း အကျဉ်းသားများလွှတ်ပေးခြင်း စတဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ ပေါ်ပေါက်လာနိုင်လိမ့်မယ်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီဝင်များဖြစ်ကြသည့် တောင်ကုတ်မြို့နယ်မှ ဒေါ်နီနီမေမြင့်၊ ဦးမင်းအောင်နှင့် ဒေါ်ချစ်ချစ်ချောတို့ သုံးဦးမှာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆွယ်စည်းရုံးရေးဆင်းနေစဉ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA ထံ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးထားသည့် တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်သုံးဦးအား အန္တရာယ်ကြားထဲမှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အတွက် အထူးချီးမွှမ်းဂုဏ်ပြုကြောင်းနှင့် ၎င်းတို့သုံးဦးအား အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုဝင်ဘာ ၁၈ ရက်နေ့က တောင်းဆိုထားသည်။

ထို့အပြင် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော မြို့နယ်များတွင် အစိုးရသစ်၊ လွှတ်တော်အခင်းအကျင်းသစ် မစတင်မီ လက်ရှိ NLD အစိုးရအနေဖြင့် ရွေးကောက်ပွဲအမြန်ဆုံးကျင်းပနိုင်ရန် ကြိုးပမ်းသင့်ကြောင်းလည်း AA ၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

“အမျိုးသားရင်ကြားစေ့ရေးကို နှုတ်အားဖြင့် ပြောဆိုနေခြင်းမျိုးမဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော် သက်သေပြရမယ့်အချိန်ကာလာဖြစ်တယ်” ဟု ULA/AA က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုများ လျော့နည်းလာကာ စစ်ဘေးတိမ်းရှောင်နေသူအချို့မှာလည်း ယခုရက်ပိုင်းအတွင်း နေရပ်ပြန်လျက်ရှိနေကြသည်။

မြန်မာ့တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာလွှမ်းခြုံသော အပစ်အခတ်ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် NLD အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း AA ၏ နိုဝင်ဘာ ၁၂ ရက်နေ့ထုတ်ပြန်ချက်အပေါ် တပ်မတော်က ကြိုဆိုကြောင်းထုတ်ပြန်ပြီးနောက် ရခိုင်ဒေသတွင် တိုက်ပွဲများလျော့ကျလာခြင်းဖြစ်သည်။

တပ်မတော်နှင့် AA တို့၏ နှစ်ဖက်အပြန်အလှန် ထုတ်ပြန်ချက်များသည် ရခိုင်ပြည်ငြိမ်းချမ်းရေးလမ်းစအတွက် ကောင်းသည့်အခြေအနေတစ်ခု ဖြစ်သော်လည်း လက်တွေ့ကျကျ လုပ်ဆောင်နိုင်ရန်လိုအပ်ကြောင်း နိုင်ငံရေး လေ့လာသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုကြသည်။

ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းရေးကော်မတီ(FPNCC)အဖွဲ့ဝင်များဖြစ်ကြသော KIO၊ SSPP၊ MNDAA၊ ULA ၊ PSLF၊ NDAA နှင့် UWSP တို့ (၇)ဖွဲ့ကလည်း ၂၀၂၀ ရွေးကောက်ပွဲကို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အား ဂုဏ်ပြုကြောင်း နိုဝင်ဘာလ ၁၈ ရက်နေ့ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာတွင် အစိုးရမှ ကတိပြုထားသော တိုင်းရင်းသားလူမျိုးစုဒေသများ၏ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖော်ဆောင်ရေး၊ လူနေမှုအဆင်အတန်း မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒပြုကြောင်း ဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်ခြောက်ထောင်ကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ