မြောက်ဦးတွင် တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းမရှိဟု AA ငြင်း

မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်ဟု တပ်မတော်ဘက်က ပြောဆိုသော်လည်း ယင်းအချက်အားလုံးကို AA ဘက်က ငြင်းဆိုလိုက်သည်။  

14 Jun 2019

ဓာတ်ပုံ - ကိုဇော်ထွန်း

ခိုင်ရိုးလ | DMG

ဇွန် ၁၄၊ မြောက်ဦး

မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) ဘက်က မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့သည်ဟု တပ်မတော်ဘက်က ပြောဆိုသော်လည်း ယင်းအချက်အားလုံးကို AA ဘက်က ငြင်းဆိုလိုက်သည်။  

အဆိုပါနေရာတွင် တိုက်ပွဲဖြစ်ပွားခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်းများ မရှိဘဲ ယခုရက်ပိုင်းအတွင်း တပ်မတော်ဘက်က တိုက်ပွဲအတု ဖန်းတီးမှုများရှိနေသည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

“ မနေ့က မြောက်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိပါ။ AA ဘက်က မိုင်းခွဲခဲ့တာလည်း မရှိခဲ့ပါဘူး” ဟု ခိုင်သုခက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့က ရွာဟောင်းတောကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်မှုကြောင့် ကျည်ဆန်များထိမှန်၍ ဒေသခံ (၄)ဦး ဒဏ်ရာရရှိသွားသဖြင့် မြောက်ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

“နှစ်ဘက်ပစ်ခတ်တယ်လို့ မထင်ပါ။ စစ်တပ်က ရွာထဲလမ်းတစ်လျှောက်မှာ ပစ်ခတ်သွားတာပါ။ ရွာထဲမှာက စစ်တပ်က ကားနဲ့လာပြီး ဆင်းပစ်တာပါ။ စစ်ကားသုံးစီး၊ တစ်စီးက ရွာပြင် ပိစိတောင်သို့ ရောက်သွားပြီး နောက်နှစ်စီးက ကျွန်တော်တို့ရွာထွက်ဝနားမှာ ရပ်ပြီးတော့ ဆင်းပစ်တာပါ” ဟု ဒေသခံ ဦးမောင်ဌေးဝင်းက DMG ကို ပြောသည်။

ယင်းသို့ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်ကို ဆက်သွယ်မေးမြန်းကြည့်ရာ ရွာဟောင်းတောကျေးရွာအနီးတွင် တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရွာဟောင်းတောရွာကို ရည်ရွယ်ပြီးပစ်ခတ်ခြင်း မဟုတ်ကြောင်း၊ မိုင်းဆွဲသည့်အဖွဲ့ရှိသည့် နေရာကိုသာ ပစ်ခတ်ခြင်းဖြစ်သည်ဟု အနောက်ပိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးက DMG ကိုပြောသည်။

“ကျွန်တော်တို့တပ်က အုပ်ချုပ်မှုကိစ္စ၊ အဲဒီဘက်ကို သွားလုပ်တော့ ညနေ ၄ နာရီလောက်မှာ ရွာဟောင်းတောဘက်က မိုင်းသုံးလုံးခွဲတိုက်တယ်။ အဲဒီမှာ အပြန်လှန်ပစ်ခတ်မှုြုဖစ်တယ်။ ကျွန်တော်တို့က ရွာဟောင်းတောဆိုပြီး ပစ်တာမဟုတ်ဘူး။ စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်တဲ့နေရာ အဲဒီအဖွဲ့တွေရှိတဲ့နေရာကို ပစ်တယ်။ အဲဒါပါပဲ ထိခိုက်ဒဏ်ရာရတယ်ဆိုတာကတော့ ကျွန်တော်လည်းမသိဘူး။ ကျွန်တော်တို့ကို ပစ်လို့ ပစ်တဲ့နေရာကို ပြန်ပစ်တာ” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောသည်။

ယင်းသို့ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သဖြင့် ရွာသားအချို့မှာ  မြောက်ဦးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။

“ရွာသားတွေက ကြောက်လန့်ပြီးတော့ မြောက်ဦးမြို့ပေါ်သို့ ထွက်ပြေးနေကြပါတယ်။ ထွက်ပြေးကြတဲ့အထဲမှာတော့ မိန်းမ၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေများပါတယ်။ စစ်ကြောင်းတွေ ထွက်လာပြီး ပြန်လည်ပစ်ခတ်မလားဆိုတာကို စိုးရိမ်တဲ့အတွက်ပါ” ဟု ဒေသခံ ဦးမောင်ဌေးဝင်း ကပြောသည်။

ပစ်ခတ်မှုကြောင့် ရွာဟောင်းတောကျေးရွာထဲသို့ ကျည်များကျရောက်ခဲ့ပြီး မပေါက်ကွဲသည့် ကျည်များကိုလည်း တွေ့ရသဖြင့် သက်ဆိုင်ရာက လာရောက်ရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုသည်။

ဗီဒီယိုများ