နယ်/လုံလက်မှတ်ပါမှ ကုန်ပစ္စည်းတင်သွင်းနေရသည့်ကိစ္စကို ကုန်သည်များတင်ပြလျှင် AA က ညှိနှိုင်းပေးမည်ဟုဆို

ရခိုင်ပြည်တွင် တိုက်ပွဲကာလနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတို့တွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ လက်မှတ်ပါမှသာ ပြည်မမှကုန်ပစ္စည်းများကို တင်သွင်းခွင့်ရရှိသဖြင့် အချိန်ကြန့်ကြာမှုများ၊ လုပ်ငန်းထိခိုက်မှုများရှိနေသည်။

05 Apr 2022

DMG ၊ ဧပြီ ၅

ရခိုင်ပြည်တွင် တိုက်ပွဲကာလနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတို့တွင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ လက်မှတ်ပါမှသာ ပြည်မမှကုန်ပစ္စည်းများကို တင်သွင်းခွင့်ရရှိသဖြင့် အချိန်ကြန့်ကြာမှုများ၊ လုပ်ငန်းထိခိုက်မှုများရှိနေသည်။

ကုန်သည်များအနေဖြင့် ထိုအခက်အခဲများကို ရက္ခိုင့်တပ်တော်(AA)ထံသို့ စာရေးပြီး အသေးစိတ်အချက်အလက်များ တင်ပြလာလျှင် ကြားခံပုဂ္ဂိုလ်များမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ဦးခိုင်သုခက ယနေ့(ဧပြီလ ၅ ရက်နေ့)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

“ကုန်သည်တွေဘက်ကစာရေးပြီး ကျွန်တော်တို့ဘက်ကို တင်ပြလာတာတွေရှိရင် ကျွန်တော်တို့ အခြေအနေရဲ့လိုအပ်ချက်အရ ကျွန်တော်တို့နဲ့ ကြားခံလူတွေကတစ်ဆင့် ဒီကိစ္စကိုညှိနှိုင်းလို့တော့ ရနိုင်ပါတယ်။ ဆိုတော့ဘယ်နေရာမှာ ဘာဖြစ်တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ကျွန်တော်တို့ဘက်ကို ပို့ပေးဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာစစ်တပ်အနေဖြင့် ရခိုင်ဒေသတွင် ပြည်သူများသွားလာလှုပ်ရှားနေမှုများကို ပိတ်ပင်ကန့်သတ်ခြင်း၊ ကုန်ပစ္စည်းများသယ်ယူမှုများကို ကန့်သတ်ခြင်းများကို တိုက်ပွဲကာလများတွင်ကဲ့သို့ ဆက်ပြီးလုပ်ဆောင်လျက်ရှိနေသည်ဟုလည်း AA ကဆိုသည်။

“ကျွန်တော်တို့ဘက်ကလည်း အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကြုံရင်ကြုံသလို ပြောဖြစ်တာတွေရှိပါတယ်။ ပြောရမယ်ဆိုလို့ရှိရင် စစ်ဘက်နဲ့မဆိုင်တဲ့ တခြားပြည်သူလူထုတွေရဲ့ နေ့စဉ်သုံးစွဲနေတဲ့ နိစ္စဒူဝကိစ္စတွေကို ဥပမာ-အခြေခံကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းတွေကို စစ်ကောင်စီဘက်က ကန့်သတ်ပိတ်ပင်တာတွေ အဲလိုလုပ်တာတွေတော့ရှိပါတယ်”ဟု ဦးခိုင်သုခကပြောသည်။

လက်ရှိအချိန်ထိ အမ်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ယာဉ်များဖြင့် တင်ဆောင်လာသော ကုန်ပစ္စည်းအသေးစိတ်စာရင်းများကို စစ်ဆေးခံရနေပြီး နယ်/လုံဝန်ကြီး၏ ခွင့်ပြုချက်လက်မှတ်ပါမှသာ ဖြတ်သန်းသွားလာခွင့်ပြုလျက်ရှိကြောင်း ကုန်သည်များမှပြောဆိုသည်။

ထိုသို့ခွင့်ပြုချက်တင်ရန်လိုအပ်ခြင်းမှာ လုံခြုံရေးအရ လိုအပ်သောကြောင့်ဟု စစ်ကောင်စီဘက်ကပြောဆိုကြောင်းလည်း ကုန်သည်များထံမှ သိရသည်။

ဗီဒီယိုများ