ဘာသာရေးအဆောက်အအုံများကို အကာအကွယ်ယူပြီး တိုက်ပွဲများဖော်ဆောင်မည်မဟုတ်ဟု AA အသိပေး

စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည့် “ရှေးဟောင်းယဉ်ကျေးမှု၊ ဘာသာရေး၊ အဆောက်အအုံများနှင့် လူနေကျေးရွာများကို အကာအကွယ်ယူ၍ ပစ်ခတ်မှုများမပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးသင့်ကြောင်း” အဆိုကိုလည်း AA ဘက်က...

By နေရောင်မင်း(စစ်တွေ) 27 Sep 2019

နေရောင်မင်း | DMG

စက်တင်ဘာ ၂၆၊ စစ်တွေ

ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ရပ်ရွာများကို အကာအကွယ်ယူပြီး တိုက်ပွဲများဖော်ဆောင်ခြင်းကို ပြုလုပ်သွားမည်မဟုတ်ဟု ရက္ခိုင့်တပ်တော်(AA)က စက်တင်ဘာလ ၂၆ ရက်နေ့တွင် အသိပေးထုတ်ပြန်လိုက်သည်။

ယခင်ကလည်း စေတီပုထိုးများကို အကာအကွယ်ယူ၍ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်စေတီပုထိုးများကိုလည်း ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဟု AA က ဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်တွင် အတည်ပြုခဲ့သည့် “ရှေးဟောင်းယဉ်ကျေးမှု၊ ဘာသာရေး၊ အဆောက်အအုံများနှင့် လူနေကျေးရွာများကို အကာအကွယ်ယူ၍ ပစ်ခတ်မှုများမပြုလုပ်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးသင့်ကြောင်း”အဆိုကိုလည်း AA ဘက်ကကြိုဆိုသည်။

“လုပ်သင့်လုပ်ထိုက်တဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် အပြုသဘော နဲ့ကြိုဆိုပြီး မိမိတို့အနေနဲ့ တိကျစွာ လိုက် နာဆောင်ရွက်သွားမယ်”ဟု AA က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၃ ရက်နေ့ကအတည်ပြုလိုက်သည့် အဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းထောက် ခံဆွေးနွေးခဲ့သည်။

“အဆိုမှာကြည့်တော့ အဓိပ္ပာယ်ကပေါ်လွင်ပါတယ်။ ရှေးဟောင်း အဆောက်အအုံတွေပါတယ်။ နောက်တစ်ခါ တန်းဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေရှိတယ်။ ဒါတွေကို ကာကွယ်ပေးဖို့အဆိုတင်သွင်းတယ်။ အဲ့ဒီအဓိပ္ပါယ် အနှစ်သာရကို ကျနော်ကိုယ်တိုင်လည်း ကြိုက်တဲ့အတွက် ထောက်ခံဆွေးနွေးရတာ” ဟု တပ်မတော် သားလွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်က ရှေးဟောင်းဘုရားပုထိုးစေတီတစ်ချို့မှာ လက်နက်ကြီးကျည်ထိမှန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနေသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းကစတင်ပြီး မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဗီဒီယိုများ