စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာနေဟု မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ပြည်တွင်းစစ်မီးသည်လည်း ပိုမိုတောက်လောင်လာနေသည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) မဟာမိတ်သုံးဖွဲ့က ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

04 Sep 2021

DMG ၊ စက်တင်ဘာ ၄

မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် ပြည်တွင်းစစ်မီးသည်လည်း ပိုမိုတောက်လောင်လာနေသည်ဟု တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော်(AA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) မဟာမိတ်သုံးဖွဲ့က ယနေ့ စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

“ မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ နိုင်ငံအာဏာကိုသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖြိုခွင်းသတ်ဖြတ်ချေမှုန်းသည့်လုပ်ရပ်များကြောင့် လက်နက်ကိုင်တော်လှန်ရေးကို မလွဲမရှောင်သာ ဖော်ဆောင်လာသည့် အခုအဖွဲ့များပြည်နယ်၊တိုင်းအနှံတိုးများလာခဲ့ပြီး တိုက်ပွဲများ နေ့တိုင်းနီးပါးဖြစ်ပွားကာ ပြည်တွင်းစစ်မီးသည်လည်း ပိုမိုတောက်လောင်လာနေသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်အနေဖြင့် ကယား၊ ကချင်၊ ချင်း၊ တအန်း၊ရခိုင်၊ ကိုးကန့်၊ ရှမ်း၊ စစ်ကိုင်းတိုင်၊ မကွေးတိုင်း၊ မန္တလေးနှင့် တနင်္သာရီတိုင်း အစရှိသောဒေသများတွင် စစ်အင်အားတိုးမြှင့်ခြင်း၊ ပိုမိုလှုပ်ရှားခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ရပ်ရွာများအတွင်း ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းတို့အပြင် အပြစ်မဲ့ပြည်သူလူထုများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ယင်းဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်တိုးပွားလျက်ရှိသည်ဟု မဟာမိတ်သုံးဖွဲ့ကဆိုသည်။

ထို့အပြင် သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းများ၊ အစုအဖွဲ့များအားလုံးကိုလည်း ပြည်သူလူထု၏ လုံခြုံရေးအရပ်ရပ်ကို ထိပါးစေမည့် စစ်ရေးလှုပ်ရှားခြင်း၊ စိုးရိမ်ကြောင့်ကြမှုကို ရစေမည့်အပြုအမူများကို အတတ်နိုင်ဆုံးလျော့ချခြင်း၊ ရှောင်ကြည့်ခြင်း၊ ရပ်တန့်ခြင်းများကိုပြုလုပ်ကြရန်လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားသည်။

မြန်မာပြည်တဝှန်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးသည် ကိုဗစ်ကပ်ရောဂါ၏တတိယလှိုင်းဒဏ်ကို အပြင်းအထန်ခံစားခဲ့ကြရပြီး ရောဂါကူးစက်ခံရသူ၊ ကိုရိုနာရောဂါပိုးကူးစက်ခံရပြီးနောက်သေဆုံးသူအရေအတွက်မှာ တတိယလှိုင်းအကျဖက်သို့ ရောက်နေသော်လည်း ဆက်လက်ရှိနေဆဲဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။

ကိုဗစ်ကပ်ရောဂါတတိယလှိုင်း ရောဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကိုအချိန်မီထိန်းချုပ်ကာကွယ်နိုင်ရန်၊ ကာကွယ်ဆေးထိုးသင့်သူများအားလုံး အချိန်မီထိုးနှံနိုင်ရန် ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အိမ်နီးနားချင်းနိုင်ငံများ၊ ကမ္ဘာ့ကိုဗစ်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အရေးတကြီးလိုအပ်ကြောင်းလည်း မဟာမိတ်သုံးဖွဲ့ကဆိုသည်။

ဗီဒီယိုများ