တိုက်ပွဲ အချိန်မရွေးဖြစ်လာနိုင်ဟု ရက္ခိုင့်တပ်တော် သတိပေး

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သောကြောင့် တိုက်ပွဲများအချိန်မရွေးပြန်ဖြစ်လာနိုင်သည့်အနေအထားကို တွေ့ရသည်ဟု AA က မေလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

16 May 2022

DMG ၊ မေလ ၁၆

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ နှစ်ဖက်စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေသည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သောကြောင့် တိုက်ပွဲများအချိန်မရွေးပြန်ဖြစ်လာနိုင်သည့်အနေအထားကို တွေ့ရသည်ဟု AA က မေလ ၁၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီဖက်က စစ်ရေးအရလှုပ်ရှားမှုများသည် ယခင်ထက် ပိုမိုလုပ်ဆောင်လာသည်ကို မြေပြင်အနေ အထားရ တွေ့မြင်နေသဖြင့် ရခိုင်ပြည်မှာ တကျော့ပြန်စစ်ပွဲပြန်ဖြစ်နိုင်ခြေရှိသည်ဟု ဘူးသီးတောင်မြို့နယ် လွှတ်တော် အမတ်ဟောင်း အောင်သောင်းရွှေက သုံးသပ်သည်။

“တိုက်ပွဲကတော့ ဖြစ်နိုင်ခြေရှိတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီဖက်ကလှုပ်ရှားမှုတွေ အရင်ကထက် လုပ်လာတာကိုတွေ့ရတယ်။ နောက်ပြီးတော့ စစ်ပွဲကကလည်း တရားဝင်ရပ်ထားတာမဟုတ်ဘူး။ သာမာန်သဘောတူညီချက်နဲ့သာ ရပ်ထားတာဖြစ်တယ်။ ဒီအချိန်မှာတော့ အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့အနေနဲ့သုံးသပ်တယ်”ဟု ဦးအောင်သောင်းရွှေကပြောသည်။

တိုက်ပွဲဖြစ်ပြန်လာမည်ဆိုပါက ပြင်းပြင်းထန်ထန်ဖြစ်လာမည်ဟု ခန့်မှန်းထားကြောင်း ULA/AA အနေဖြင့်လည်း Statement ထုတ်ပြန်ထားခြင်းသည်ပင် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် ပြောဆိုခြင်းနှင့်အတူတူ ပင်ဖြစ်သည်ဟု ဦးအောင်သောင်းရွှေကဆိုသည်။

မြန်မာစစ်တပ်သည် ရခိုင်ဒေသအတွင်း စစ်အင်အားများကို နေရာအနှံ့ထပ်မံတိုးချဲ့နေခြင်း၊ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်၏ တရားစီရင်ရေး၊ အခွန်ကောက်ခံရေး၊ အုပ်ချုပ်ရေးများတွင် အနှောင့်အယှက်ပေးခြင်း၊ အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင် နေသော မိမိတို့၏ တရားရေးဝန်ထမ်းများကို ဖမ်းဆီးရန်ကြိုးစားခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

ထို့ပြင် တရားရုံးများကို မြန်မာစစ်တပ်မှ ဝိုင်းဝန်းခြင်း၊ အမှုအခင်းများတွင် ပါဝင်သူများအား ခြိမ်းခြောက်ခြင်း၊ ရခိုင်-မွတ်ဆလင် အကြား သဟဇာတဖြစ်နေမှုများအပေါ် ပျက်စီးရန်ကြိုးစားခြင်းတို့ကို မြန်မာ စစ်တပ်သည် ခပ်စိပ်စိပ် လုပ်ဆောင်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုအခြေအနေများကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလာနိုင်သဖြင့် အရပ်သားပြည်သူလူထုများအနေဖြင့် မြန်မာစစ်တပ် သွားလာလှုပ်ရှားနေသည့်နေရာများ၊ မြန်မာစစ်တပ် အထိုင်ချနေထိုင်နေခဲ့သော နေရာများ၊ မြန်မာစစ်တပ်၏ တပ်စခန်းအနီး ပတ်ဝန်းကျင်များသို့ သွားလာခြင်းများကို အထူးသတိထားရှောင်ကြဉ်ရန်လည်း သတိပေးထားသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲပြန်ဖြစ်ပွားလာပါက ယခင်ထက် ပိုမိုဆိုးရွားလာနိုင်ကြောင်း  သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

“တိုက်ပွဲတစ်ခုဖြစ်လာမယ်ဆိုရင် အဓိကဒေသခံပြည်တွေပဲ ထိခိုက်နစ်နာရတယ်။ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးအများကြီးဖြစ်ရတယ်။ ပြည်သူတွေသေသွားရတဲ့ အနေအထားတောင် ရှိခဲ့တဲ့အတွက် ရခိုင်ပြည်မှာ တိုက်ပွဲပြန်ဖြစ်လာမယ်ဆိုရင် အရင်ကထက်ပိုပြီး ဆုံးရှုံးမှုတွေ၊ ပျက်စီးမှုတွေ ရှိလာမယ်”ဟု ကိုအမ်းသားကြီးကပြောသည်။

ရက္ခိုင့်တပ်တော်၏ ယမန်နေ့ မေလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် မိုင်းပေါက်ကွဲမှုများကြောင့် အမ်းမြို့ နယ်နှင့်မင်းပြားမြို့နယ် တို့မှ အရပ်သားနှစ်ဦးသေဆုံးမှုကို ဦးတည်ဖော်ပြထားသည်။ထိုသို့သေဆုံးရခြင်းမှာ မြန်မာစစ်တပ်ဖက်မှ တိုက်ပွဲကာလများအတွင်း ထောင်ထားခဲ့သော စွန့်လွှတ်မိုင်း ( သို့မဟုတ်) မြေမြှုပ်မိုင်းနင်း မိ၍ အသက်သေဆုံးခဲ့ရခြင်းဟု AA က စွပ်စွဲထားသည်။

ရခိုင်ပြည်တွင် တိုက်ပွဲရပ်တန့်နေပြီးနောက် မကြာခဏဆိုသကဲ့သို့ မိုင်းပေါက်ကွဲမှုများကြောင့် ဒေသခံများ အသက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပွားခဲ့သည်။ သို့သော်လည်း ရက္ခိုင့်တပ်တော်က ယင်းကာလများတွင် မိုင်းပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး မည်သည့်ထုတ်ပြန်ချက်မှ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယခုတစ်ကြိမ် မြန်မာစစ်တပ်မှ ထောင်ထားသည့်မိုင်းများကို နင်းမိ၍ ဒေသခံများသေဆုံးရသည်ဟု ထုတ်ပြန်ခြင်းမှာ ထူးခြားနေပြီး အချိန်မရွေးတိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သည့် လက္ခဏာတစ်ရပ်ဟုလည်း ရခိုင့်အရေးလေ့လာစောင့်ကြည့်သူများက အကဲခတ်ကြသည်။

လက်ရှိအခြေအနေအရ ရက္ခိုင့်တပ်တော်(AA)အနေဖြင့် အလျော့ပေးနိုင်သမျှပေးထားသည်ဟု ရှုမြင်ပြီး ထိုအပေါ်မှာ စစ်ကောင်စီမှ လေ့လာသုံးသပ်ရန်လိုအပ်သည်ဟု ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

“နယ်မြေဒေသတစ်ခုကို အတိုင်းထက်အလွန် နှိပ်ကွက်လာတယ်ဆိုရင် အဲဒါက ပြန်လည်ဦးမော့ပြီး တကျော့ပြန်ဖြစ်လာနိုင်တယ်ဆိုတာက အစဉ်အလာတစ်ခုပဲလေ။ အထူးတလည်တော့ မပြောလိုတော့ဘူး။ နစ်နာတာက ပြည်သူဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သတိတော့ထားကြရမယ်”ဟု ဒေါ်ညိုအေးက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စိန်ခေါ်ချက်တစ်ခုကိုလည်း ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

“ကိုထင်လတ်ဦး သိပ်လျှောက်မလုပ်နဲ့၊ အာရုံနောက်တယ်။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့နေရာထိ တက်ကြိတ်ပစ်လိုက်မှာနော်”ဟု ရေးသားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်ကျော်တာကာလအတွင်း မြေဇာပင်ဖြစ်ခဲ့သည်ရသည့် စစ်ဘေးရှောင်ပြည်သူများက ရခိုင်မှာ တိုက်ပွဲဖြစ်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။

“အခုလက်ရှိ အခြေအနေမှာတောင်မှ စားရေးသောက်ရေးက အခက်အခဲနည်းမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်။ စခန်းမှာ စားရေးသောက်ရေးမလုံလောက်လို့ တောတောင်တွေကိုသွားပြီး ဖြစ်သလိုရှာဖွေစားသောက်နေရတယ်။ တိုက်ပွဲသာ ပြန်ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဒုက္ခသည်တွေအရေးက ပိုပြီးဆိုးရွားလာနိုင်တယ်။ နောက်ပြီးနေရပ်ပြန်ရေးဆိုတာဟာလဲ မှန်းဆမရတော့ဘူး”ဟု ကျောက်တော်မြို့၊ နေပူခံစစ်ဘေးရှောင်စခန်းမှ ဦးသိန်းထွန်းဦးက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်ကြား ၂ နှစ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။

တိုက်ပွဲရပ်တန့်နေသည့်ကာလတွင် ရက္ခိုင့်တပ်တော်က တရားစီရင်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသောကြောင့် မြန်မာစစ်တပ်ကလည်း တစ်ရွာဝင်တစ်ရွာထွက် သွားလာလှုပ်ရှားမှုများ ရှိနေသည်။

ဗီဒီယိုများ