ရခိုင်က စစ်ကောင်စီကို AA သတိပေး

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမည်ဆိုပါက တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးကြောင်းပြောကြားသည်။

11 Aug 2022

DMG ၊ သြဂုတ် ၁၁

ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမည်ဆိုပါက တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးကြောင်းပြောကြားသည်။

ယနေ့(သြဂုတ်လ ၁၁ ရက်) နံနက် ၁၀ နာရီမှစတင်ပြုလုပ်နေသော ရက္ခိုင့်တပ်တော်(AA)၏ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။ ရခိုင်ပြည်အတွင်းတွင် ဒေသခံအများအပြားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီးနောက် ထိုသို့သတိပေးလိုက်ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရထဲမှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ ပြည်သူလူထုနဲ့ ဆန့်ကျင်ဘက်လမ်းကြောင်းမှာ အာဏာပါဝါ လုပ်ပိုင်ခွင့်လမ်းကြောင်းနဲ့ပဲသာယာနေပြီး စစ်ကောင်စီအလိုကျ ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမယ်ဆိုရင် အခြေအနေရဲ့ လိုအပ်ချက်၊ တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်၊ ရက္ခိတလမ်းစဉ်နဲ့အညီ လိုအပ်သလို ကိုင်တွယ်သွားမယ်ဆိုတာကို အရင်တုန်းကလည်း သတိပေးခဲ့ပြီးပြီ။ အခုထပ်ပြီး စစ်ကောင်စီလက်ကိုင်တုတ် ရခိုင်ပြည်နယ်အစိုးရကို ပြင်းပြင်းထန်ထန်သတိပေးတယ်“ဟု ဦးခိုင်သုခကဆိုသည်။

ထို့ပြင် ရခိုင်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့မှာလည်း ပြည်သူများကို အကျပ်အတည်းဖြစ်အောင်၊ ဒုက္ခရောက်အောင်ဆောင်ရွက်နေပြီး ကုန်စည်စီးဆင်းမှုကို ကန့်သတ်မှု၊ မတရားဖိနှိပ်မှုများကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျလုပ်ဆောင်နေသည်ဟုလည်း ၎င်းကပြောသည်။

ကုန်စည်စီးဆင်းမှုများကို ကန့်သတ်ခြင်းမှာ လူသားမျိုးနွယ်များအပေါ် ကြီးမားသော ပြစ်မှုကျူးလွန်မှုတစ်ခုဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်။

ထိုသို့ပြောဆိုချက်များနှင့်ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တုံ့ပြန်ချက်ရရှိနိုင်ရန် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

ဗီဒီယိုများ