AA နှင့် ဆက်နွယ်သည်ဟုဆိုကာ မြောက်ဦးဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီး

ယခု ဖမ်းဆီးခံရသူသည် AA နှင့်ဆက်နွယ်သူဟု တပ်မတော်ဘက်က ပြောဆိုသော်လည်း ဒေသခံများက စိတ်မနှံ့သူတစ်ဦးဟု ပြောကြသည်။

By နေရောင်မင်း 13 Dec 2019

ယခု ဖမ်းဆီးခံရသူသည် AA နှင့်ဆက်နွယ်သူဟု တပ်မတော်ဘက်က ပြောဆိုသော်လည်း ဒေသခံများက စိတ်မနှံ့သူတစ်ဦးဟု ပြောကြသည်။

နေရောင်မင်း | DMG
ဒီဇင်ဘာ ၁၃၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဟုဆိုကာ မြောက်ဦးမြို့နယ်၊ နန်းကျကျေးရွာမှ ဒေသခံတစ်ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ ဦးသိန်းဇော်ဦး (၃၀ နှစ်) ဆိုသူဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းက နန်းကျကျေးရွာဘုန်းကြီးကျောင်းအနီးတွင် တပ်မတော်စစ်ကြောင်း၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် စစ်ဆေးနေစဉ် ထွက်ပြေးသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ငယ်ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ ဝဲဘက်လက်မောင်း ကျည်ရှပ်မှန်ဒဏ်ရာ အနည်းငယ်ရရှိသွားသည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။
၎င်း၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာတွင် ပြောက်ကျား ယူနီဖောင်းဝတ်စုံဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများ၊ ဒဏ်ရာရလူနာများအား ဆေးကုသနေသည့် မှတ်တမ်းဓာတ်ပုံများတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒေသခံမျက်မြင်တစ်ဦးက ဦးသိန်းဇော်ဦးသည် စိတ်မနှံ့သူတစ်ဦးဖြစ်ပြီး တပ်မတော်စစ်ကြောင်းက ရွာထဲသို့ ဝင်ရောက်ကာ ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။

“သူက စိတ်မနှံ့ဘူး။ ရွာသားတွေက သူ့ကို အဲဒီဖက်ကို မသွားနဲ့၊ ဘုရားသိမ်မှာ စစ်သားတွေရောက်နေတယ်လို့ ပြောတယ်။ သူက ဘုရားသိမ်ဖက်ကိုရောက်တဲ့အခါ ဟိုကြည့်ဒီကြည့်နဲ့ ကြည့်လို့သွားတဲ့အခါ စစ်သားတွေက သူ့ကိုခေါ်တယ်။ အဲဒီမှာ ပစ်ခတ်သံတွေ (၃) ကြိမ်လောက်ကြားရတယ်။ ခဏလောက်ကြာတဲ့အခါ သူ့ပုဆိုးကိုချွတ်ပြီး မျက်နှာဖုံးလို့ ကားပေါ်ကို တင်ယူသွားပါတယ်” ဟု အဆိုပါ ဒေသခံမျက်မြင်က DMG ကို ဒီဇင်ဘာလ ၁၁ ရက် နေ့က ပြောသည်။

၎င်းနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ပိုင်းတွင် အုပ်ချုပ်ရေးမှူးကို ပြန်လွှတ်ပေးလိုက်သည်။

ဦးသိန်းဇော်ဦးကို လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးနိုင်ရန် သက်ဆိုင်ရာသို့ လွဲှပြောင်းအပ်နှံသွားမည်ဟုလည်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ