AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်သော်လည်း မတရားအသင်းက မပယ်ဖျက်သေး

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

11 Mar 2021

DMG ၊ မတ် ၁၁

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

ယနေ့ မတ်လ ၁၁ ရက်နေ့မှာတော့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာခဲ့သော်လည်း မတရားအသင်းအဖြစ်မှ မပယ်ဖျက်သေးသည်ကို တွေ့ရသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကို မတရားအသင်းမှ ပယ်ဖျက်ရုပ်သိမ်းပေးရန် ရခိုင်ပြည်သူလူထုများက လိုလားတောင်းဆိုနေကြသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က “ အရင်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်းရေး အဖွဲ့အစည်းတွေ အတွေ့အကြုံအရဆိုရင် မတရားအသင်းပါ၊ အကြမ်းဖက်ပါ ပယ်ဖျက်တယ်ဆိုတာက မွန်ပြည်သစ်တို့ အဲဒီအဖွဲ့အစည်း ဥပမာအရ ကြည့်ရင်တော့ Bilateral စာချုပ် လက်မှတ်ထိုးတဲ့အချိန်မှ  ပယ်ဖျက်တာတွေ့တယ်ဆိုတော့ မတရားအသင်းကတော့ အဲဒီ လက်မှတ်မထိုးမချင်း ပယ်ဖျက်မှာ မဟုတ်ဘူးပေါ့လေ ” ဟု ပြောသည်။

ရခိုင်တွင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၂၇၆ ဦးရှိပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မဖြင့် အမှုဖွင့်ခံထားရသူ ၁ ဦးရှိကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ သိရသည်။
မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၂) ဖြင့် အမှုဖွင့်ခံထားရသူ ဖွံ့ဖြိုးတိုးတက်ရေးမီဒီယာအုပ်စု (DMG) ၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက ယခုလိုပြောသည်။

“အခုက အမှုနဲ့ပတ်သတ်ပြီး ဘာမှထူးခြားတာမရှိသေးဘူး။ အမှုကို မတရားအသင်းပုဒ်မနဲ့ စွဲထားတာ။ NLD အစိုးရလက်ထက်မှာလည်း အဲဒီအမှုကို ရုတ်သိမ်းခဲ့တာမရှိဘူး။ အခု စစ်ကောင်စီကလည်း အဲဒီအမှုကို ရုတ်သိမ်းတာမရှိသေးဘူး။ ဆိုတော့ အမှုအခြေအနေက ထူးခြားတာမရှိသေးဘူးပေါ့ ” ဟု ဆိုသည်။  

ဦးအောင်မင်းဦးအား သတင်းတပ်ဖွဲ့ (SB) က မတရားအသင်းဆက်သွယ်မှု ဥပေဒပုဒ်မ ၁၇ (၂) ဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ (၁၁) ရက်နေ့က အမှုဖွင့်ထားခြင်းဖြစ်သည်။

အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်သည်ဟူသော အကြောင်းပြချက်ဖြင့် ဖမ်းဆီးခံထားရသော အပြစ်မဲ့ပြည်သူများကို အမြန်ဆုံးလွှတ်ပေးရန် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက သူမ၏ ဖေ့စ်ဘုတ်စာမျက်နှမှတစ်ဆင့် တောင်းဆိုထားသည်။

ရခိုင်တွင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံထားရသည့် အမှုပေါင်း (၉၃) မှုရှိသည်ဟု သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်း စာရင်းအရ သိရသည်။

တရားစွဲခံထားရသူများမှာ တရားလိုဖက်မှ အမှုအား ပြန်လည်ရုတ်သိမ်းလျှင် ပြန်လည်လွတ်မြောက်နိုင်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဒေါ်မေသက်ခိုင်က ပြောသည်။

“ဒီအမှုတွေက ရဲအရေးပိုင်တဲ့ အမှုတွေဖြစ်တဲ့အတွက်ကြောင့် တရားလိုဖက်က ရုပ်သိမ်းပေးမှသာ အမှုက လွတ်မြောက်မယ်လို့ ယူဆလို့ရတယ်။ တရားလိုဖက်က ရုပ်သိမ်းရင်တော့ အမှုကလွတ်မြောက်လာနိုင်တယ်။ တရားလိုဖက်က မရုပ်သိမ်းရင်တော့ လွတ်ဖို့အတွက်က ငါးဆယ်ငါးဆယ်ရာခိုင်နှုန်းပဲ မျော်လင့်ပါတယ်။ တရားလိုဖက်က မရုပ်သိမ်းရင်တော့ အမှုက ဆက်လက်ရှိနေနိုင်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ရုပ်သိမ်းခဲ့သော်လည်း မတရားအသင်းမှ ပယ်ဖျက်ရုပ်သိမ်းပေးခြင်း မရှိသည့်အတွက် သတင်းမီဒီယာများအနေဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဗီဒီယိုများ