ရခိုင်စစ်ရေးပဋိပက္ခအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာကို AASYC မှ ကုလလူ့အခွင့်အရေး ကောင်စီသို့ပေးပို့

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အစိုးရနှင့် တပ်မတော်မှ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)မှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဇူလိုင်လ ၉ ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

16 Jul 2020

ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားများအား စစ်ရေယာဉ်တစ်စီးပေါ်တွင် တပ်မတော်သားများက ကန်ကျောက်နှိပ်စက်နေသည့် ဗီဒီယိုတစ်ခု ပျံ့နှံ့လာခဲ့သည်။

ခင်သရဖီဦး | DMG
ဇူလိုင် ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း အစိုးရနှင့် တပ်မတော်မှ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့်ပတ်သက်သည့် အစီရင်ခံစာကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး(AASYC)မှ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ ဇူလိုင်လ ၉ ရက်နေ့က ပေးပို့ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အစိုးရသည် ၂၀၁၆ ခုနှစ်မှစ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် ရခိုင်ပြည်သူတို့အသံ ပျောက်နေခြင်းကြောင့် တရားဝင်လမ်းကြောင်းဖြစ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံသို့ တင်ပြရခြင်းဖြစ်သည်ဟု AASYC မှ အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးက DMG သို့ ပြောသည်။

“ကျွန်တော်တို့လူမျိုးတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကမ္ဘာ့ကုလသမဂ္ဂမှာ နေပြီးတော့ ရခိုင် လူမျိုးတွေအသံကို ပြောမယ့်လူမရှိဘူး၊  တင်ပြပေးမယ့်လူ မရှိဘူး၊ အဲဒါကြောင့် ကျွန်တော်တို့က ရခိုင်ပြည်သူတွေ ကိုယ်စား AASYC အနေနဲ့ တင်တာဖြစ်တယ် ” ဟု ကိုတိန်ဦးကဆိုသည်။

ယင်းအစီရင်ခံစာတွင် တပ်မတော်နှင့် အစိုးရအနေဖြင့် ဌာနေတိုင်းရင်းသားအခွင့်အရေးနှင့် အခြေခံ လူ့အခွင့် အရေးများကို ပုံစံမျိုးစုံဖြင့် ချိုးဖောက်နေခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း၊ ဖမ်းဆီးထိန်းချုပ်ထားစဉ် ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများ ပါဝင်ကြောင်းသိရသည်။

ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ အနီးအနားတွင် တပ်စွဲထားခြင်း၊ ရခိုင်ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင်ခံထားရခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးခွင့်များကို ကန့်သတ်ထားခြင်း စသည့်အချက်များလည်း ပါဝင်ကြောင်း AASYC မှ သိရသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေဖြင့်လည်း ရခိုင်မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုင်းကြားရာ၌ ကော်မရှင်မှ အကြောင်းပြန်ဖြေကြားခြင်းမရှိကြောင်း ကိုတိန်ဦးက ဆိုသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ၊ လွှတ်တော်အမတ်များနှင့် လူမှုရေးအဖွဲ့အစည်းများပါဝင်သော သီးသန့်လူ့အခွင့်အရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးရန် တောင်းဆိုထားကြောင်းလည်း ကိုတိန်ဦးက ပြောသည်။

“ကျောက်တန်းကိစ္စကိုလည်း လာပြီးတော့ စုံစမ်းစစ်ဆေးရေး တစ်ခါလုပ်တယ်။ အဲဒါကို သူက အစိုးရနဲ့ တပ်မတော်ဘက်က ဘက်လိုက်ပြီးတော့ စုံစမ်းစစ်ဆေးသွားတာကို တွေ့ရတယ်။ ဒါကြောင့် သီးသန့် ရခိုင်ပြည်မှာ ယုံကြည်စိတ်ချရတဲ့ ဘက်မလိုက်တဲ့ လူ့အခွင့်အရေးကော်မရှင်တစ်ခု ဖွဲ့စည်းဖို့ လိုတယ် ”ဟု ၎င်းကဆိုသည်။

တပ်မတော်သားများအနေဖြင့် ပြည်သူများအပေါ်တွင် တစ်စုံတစ်ရာ အပြစ်ကျူးလွန်ကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အခါတွင်လည်း အပြစ်ပေးသည်ဟုသာ ပြောဆိုမှုများရှိပြီး ပွင့်လင်းမြင်သာမှုအားနည်း ခြင်းကြောင့် တပ်မတော်သားများကို အရပ်သားတရားရုံးမှ ခေါ်ယူစစ်ဆေးနိုင်ရန် တောင်းဆိုထားခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့် ကြာမြင့် လာနေပြီဖြစ်ကာ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုခံရမှုများမှာလည်း တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်။

ဗီဒီယိုများ