အမ်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး ရေပူဖြင့်အလောင်းခံရ၊ တပ်လုပ်ဆောင်ချက်မဟုတ်ဟု ငြင်းဆို

ဇန်နဝါရီလ (၄)ရက်နေ့(လွတ်လပ်ရေးနေ့) က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးတင်ထွန်းကိုရှာဖွေရန် နေအိမ်သို့ရောက်လာသည်။ သို့သော် ၎င်းကို ရှာမတွေ့ခဲ့သောကြောင့် ဇနီးဖြစ်သူ ဒေါ်မလှကို စာသင်ကျောင်းသို့ခေါ်ဆောင်ကာ လက်ပြန်ကြိုးတုတ်ပြီး ခန္ဓာကိုယ်ကိုရေပူဖြင့် လောင်းချကာ ခြေထောက်ကို ဓားဖြင့်လှီးခဲ့သည်ဟု ဦးတင်ထွန်းက စွပ်စွဲပြောဆိုသည်။

11 Jan 2020

သတင်းအဖွဲ့ | DMG
ဇန်နဝါရီ ၁၀၊ အမ်း

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအုပ်စု၊ ခမောင်းတောကျေးရွာက အမျိုးသမီးတစ်ဦးကို တပ်မတော်သားများက ခန္ဓာကိုယ်ကို ရေပူဖြင့်လောင်းကာ ခြေထောက်ကိုလည်း ဓားဖြင့်လှီးခဲ့သောကြောင့် ဒဏ်ရာများရရှိသွားသဖြင့် ဆေးကုသမှုခံယူနေရသည်ဟု ယင်းအမျိုးသမီး၏ လင်ယောကျ်ားဖြစ်သူ ဦးတင်ထွန်းက DMG ကို ပြောသည်။

ဇန်နဝါရီလ (၄)ရက်နေ့(လွတ်လပ်ရေးနေ့) က တပ်မတော်စစ်ကြောင်းတစ်ခုသည် ဦးတင်ထွန်းကိုရှာဖွေရန် နေအိမ်သို့ရောက်လာသည်။ သို့သော် ၎င်းကို ရှာမတွေ့ခဲ့သောကြောင့် ဇနီးဖြစ်သူ ဒေါ်မလှကို စာသင်ကျောင်းသို့ခေါ်ဆောင်ကာ လက်ပြန်ကြိုးတုတ်ပြီး ခန္ဓာကိုယ်ကိုရေပူဖြင့် လောင်းချကာ ခြေထောက်ကို ဓားဖြင့်လှီးခဲ့သည်ဟု ဦးတင်ထွန်းက စွပ်စွဲပြောဆိုသည်။

“ကျနော့်အမျိုးသမီးက အဲဒီဒဏ်ရာတွေကြောင့် လမ်းမလျှောက်နိုင်တဲ့အတွက် ရွာကလူတွေက ဆေးရုံကိုပို့လိုက်ရတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် အိမ်ဆိုင်မှလည်း ငွေသိန်း (၃၀)ကျပ်နှင့် ရောင်းရန်ဝယ်ထားသည့် အဝတ်အထည် ငွေသိန်း (၁၀)ဖိုး ခန့်ကိုလည်း ယူသွားပြီး ရေနံဆီ (၁၂)ဗူး၊ ဆန် (၆)အိတ်၊ ဟင်းချိုမုန့် (၂၄)ပိဿနာကိုလည်း ဖြန့်ကြဲသွားခဲ့ကြသည်ဟု ဦးတင်ထွန်းက ပြောသည်။

တပ်မတော်စစ်ကြောင်း ပြန်သွားပြီးနောက် ၎င်းကိုဆေးရုံသို့ ပို့ဆောင်ရန် ပြင်ဆင်စဉ် အဆိုပါပစ္စည်းများကိုလည်း ယူသွားသည်ဟု ဒေါ်မလှက ပြောပြသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အိမ်နီးနားချင်းတစ်ဦးက DMG သို့ ပြောသည်။

“ကျနော်တို့သွားကြည့်တော့ ဘာတစ်ခုမှ မရှိတော့ဘူး။ ကျနော်ကအခု သူတို့အိမ်ကို စောင့်ကြည့်ပေးထားရတယ်” ဟု ၎င်းက ဆက်လက်ဆိုသည်။

ထို့အပြင် ဒေါ်မလှ၏ သားဖြစ်သူနှင့် သား၏သူငယ်ချင်းတစ်ဦးတို့ကိုလည်း တပ်မတော်က ဖမ်းသွားသည်။ ဦးတင်ထွန်း မှာမူ အဖမ်းခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို DMG က ဆက်သွယ်ရာတွင် ယင်းဖြစ်စဉ်မှာ မဟုတ်မှန်ဟု တုန့်ပြန်သည်။

လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယင်းနေ့က ခမောင်းတောကျေးရွာရှိ ဈေးဆိုင်ရှေ့၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ဆိုင်ကယ် (၁)စီးအား စောင့်ကြည့်နေစဉ် နေ့လယ် (၁၁)နာရီခန့်တွင် ၎င်းဆိုင်ကယ်အား လာရောက်ယူဆောင်သည့် AA နှင့်ဆက်နွယ်သူ မဲလုံးနှင့်မောင်ကျော်တို့ကို ဖမ်းဆီးခဲ့သည်ဟု တပ်မတော်က ယမန်နေ့က သတင်းထုတ်ပြန်သည်။

၎င်းတို့ကို စစ်ဆေးချက်အရ ယင်းဆိုင်ကယ်မှာ မဲလက်မောင်းကျေးရွာနေ AA တပ်ဖွဲ့ဝင် ဗျာကြီး ၏ဆိုင်ကယ် ဖြစ်ကြောင်း၊ ဗျာကြီးသည် ဦးတင်ထွန်းနှင့်ရင်းနှီးသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဦးတင်ထွန်း၏ နေအိမ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်မိ၊ရပ်ဖများနှင့်အတူ ဝင်ရောက်ရှာဖွေရာတွင် နေအိမ်ပေါ်မှ မိုင်းထောင်ရာတွင်အသုံးပြုသည့် ကြေးရောင် စနက်တံ ၇ ခု၊ အရှည် ၁ လက်မခန့်ရှိ ပိုက်အမဲ ၃၀ ခုနှင့် ပြောက်ကျားဘောင်းဘီရှည် ၁ ထည်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူနှစ်ဦးကို အမ်းမြို့မရဲစခန်းသို့ လွဲှပြောင်းအပ်နှံပြီး ဦးတင်ထွန်းနှင့် ဗျာကြီးတို့ကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ