ရခိုင်နှင့် ပလက်ဝတွင် သုံးလကျော်အတွင်း မြန်မာစစ်တပ်က သံသယဖြင့်ဖမ်းဆီးခဲ့သူ ၁၄၀ ဝန်းကျင်ရှိ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာလည်း များပြားလာနေသည်။

22 Sep 2022

DMG ၊ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာလည်း များပြားလာနေသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လမှ ယခုစက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးလကျော်ကာလအတွင်း မြန်မာစစ်တပ်မှဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိပြီး မြေပြင်အခြေအနေတွင် ယင်းထက်ပိုများနိုင်သည်။

ဖမ်းဆီးခံထားရသူများမှာ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်ပြီးဖမ်းဆီးခံရသူ အများအပြားပါဝင်ပြီး အချို့မှာ CRPH ၊ PDF တိုနှင့် ဆက်စပ်ဖမ်းဆီးခံရသူများလည်း ပါဝင်သည်။

မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သူများမှာ မြောက်ဦး ၂၄ ဦး၊ ကျောက်တော် ၂၄ ဦး၊ ဘူးသီးတောင် ၂ ဦး၊ မောင်တော ၁၄ ဦး၊ ပုဏ္ဏားကျွန်း ၈ ဦး၊ မင်းပြား ၂ ဦး၊ စစ်တွေ ၂၅ ဦး၊ ကျောက်ဖြူ ၂၄ ဦး၊ တောင်ကုတ် ၅ ဦးနှင့် ပလက်ဝမှ ၁၂ ဦးတို့ ဖြစ်ကြသည်။

ယင်းအထဲမှ တချို့မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သော်လည်း မြောက်ဦး ၁၀ ဦး၊ ကျောက်တော် ၄ ဦး၊ ဘူးသီးတောင် ၂ ဦး၊ ကျောက်ဖြူ ၁၂ ဦး၊ တောင်ကုတ် ၅ ဦး၊ မောင်တော ၄ ဦး၊ ပုဏ္ဏားကျွန်း ၈ ဦးနှင့် စစ်တွေ ၁၃ ဦး၊ မင်းပြား ၂ ဦးအပြင် ပလက်ဝမြို့မှ ၂ ဦးတို့မှာ ယနေ့အချိန်ထိ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးကြောင်းသိရသည်။

ဖမ်းဆီးခံထားရသူများထဲမှ ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုဦးဘလှိုင်၏ မိသားစုဝင်တစ်ဦးက “အပြစ်မရှိဘူးဆိုရင် အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ မိသားစုမှာလည်း စားဝတ်နေရေးအခက်အခဲတွေရှိတယ်”ဟု ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုဦးဘလှိုင်၊ ကိုမျိုးသွင်နှင့် ကိုမြတ်သူရထွန်းတို့အပါအဝင် ၈ ဦးမှာ ပြီးခဲ့သည့်ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ-၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည်။

ကျန်ဖမ်းဆီးခံထားရသူအများစုမှာလည်း နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)အပြင် ခြေချုပ်နှင့် ခံဝန်ဥပဒေပုဒ်မ ၅(၁)၊ (စ)၊ (ဆ)တို့ဖြင့် အသီးသီး တရားစွဲဆိုခံထားရသည်။

ယင်းအပြင် ဖမ်းဆီးခံထားရသူတချို့မှာလည်း ယနေ့အချိန်အထိ မိသားစုဝင်များနှင့်လည်း တွေ့ခွင့်မရရှိဘဲ အဆက်အသွယ်ပြတ်လျက်ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖမ်းဆီးခံရထားသည့် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေး အပါအဝင် ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို ယနေ့အထိ တွေ့ခွင့်မရသေးကြောင်းလည်း မိသားစုဝင်များထံမှသိရသည်။

ဖမ်းဆီးခံထားရသည့် ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘုန်းကိုနိုင်၏ ဇနီးဖြစ်သူ ဒေါ်ရွှေမြခိုင်က “တွေ့ခွင့်တောင်းရင်လည်း မရဘူး။ တွေ့လို့မရသေးဘူးလို့ ပြောတယ်။ ဘယ်လိုရှိနေမလဲဆိုတာကိုလည်း မသိရဘူး။ ကျွန်မတို့ဘက်မှာက တိုက်ပွဲဖြစ်နေတယ်။ တစ်ခုဖြစ်သွားရင် ဘယ်လိုလုပ်မှာလဲ။ ကျွန်မတို့မှာ အစစအရာရာ စိုးရိမ်နေရတယ်”ဟု ပြောဆိုသည်။

စစ်ကောင်စီက တိုက်ပွဲကာလအတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီးစစ်ဆေးမှုများ လုပ်မြဲတိုင်းလုပ်ဆောင်လျက်ရှိနေကြောင်း လူ့အခွင့်အရေးဆောင်ရွက်နေသည့် အသိုင်းအဝိုင်းက ပြောဆိုကြသည်။

“စစ်ကောင်စီက AA နဲ့ တိုက်ပွဲဖြစ်တိုင်းမှာ အခုလိုမျိုးပုံစံတွေ (အရပ်သားဖမ်းဆီးမှု)ပဲ လုပ်ဆောင်လာနေတယ်။ ဒီလိုမျိုးတွေဆက်လက်မဖြစ်ပွားဖို့အတွက် လူ့အခွင့်အရေးတွေနဲ့ပတ်သက်လို့ ပြောဆိုမှုတွေရှိပေမယ့် သူတို့က(စစ်ကောင်စီ) လုပ်မြဲတိုင်းသာ လုပ်နေတယ်”ဟု ရခိုင်က လူ့အခွင့်အရေးသမားတစ်ဦးက ပြောသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာချိန် စစ်ဖက်ရေးရာနှင့်ပတ်သက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၂၀ ဦးခန့်ကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးမှုရှိခဲ့ပြီး ထိုအထဲတွင် တိုက်ပွဲအတွင်း ဖမ်းဆီးသည့်စာရင်းများ မပါဝင်ပေ။

ဗီဒီယိုများ