စစ်တွေမြို့က ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကျောင်းမှာ အကူအညီတွေလိုအပ်နေ

မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ပေးနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကလေးသူငယ်များပြုစု စောင့်ရှောက်ရေးကျောင်း (ABC) ဖောင်ဒေးရှင်းတွင် ကိုဗစ်ကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

By မြတ်ဆွေ 05 Dec 2020

မြတ်ဆွေ | DMG
ဒီဇင်ဘာ ၅ ၊ စစ်တွေ

မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ပေးနေသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ကလေးသူငယ်များပြုစု စောင့်ရှောက်ရေးကျောင်း (ABC) ဖောင်ဒေးရှင်းတွင် ကိုဗစ်ကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

အဆိုပါကျောင်းသည် စစ်တွေမြို့ မင်းဂံရပ်ကွက်(အကွက် ၁၃ )တွင်တည်ရှိပြီး မွေးကင်းစအရွယ်မှ အသက် ၁၃ နှစ်အရွယ်အတွင်း မိဘမဲ့ကလေးများကို ပြုစုစောင့်ရှောက်ပေးလျက်ရှိသည်။

လက်ရှိကိုဗစ်ကာလတွင် အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးသောကြောင့် ကလေးထိန်းပေး နေရသောဝန်ထမ်းအချို့ကို အလုပ်မှယာယီရပ်နားလိုက်ရသည်ဟု (ABC)ဖောင်ဒေးရှင်း၏ အုပ်ချုပ်ရေးမှူး ဦးလမင်းကျော်သူက ပြောသည်။

“ဝန်ထမ်းလျှော့ချတာတွေတော့ လက်ရှိအချိန်အထိ မရှိသေးပါဘူး။ ဝန်ထမ်းတွေကိုတော့ ယာယီရပ်ဆိုင်းထား တာတော့ရှိပါတယ်။ ဝန်ထမ်းဦးရေ ၁၃ ဦး ယာယီရပ်ဆိုင်းထားပါတယ်။ ကျနော်တို့က အလှူဝင်ငွေအပေါ် မူတည်ပြီးတော့ ဝင်ငွေနဲ့သုံးငွေ မမျှတတဲ့အတွက်ကြောင့် ဝန်ထမ်းတွေကို ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ အလှူငွေတွေကျဆင်းတဲ့အတွက် ဝန်ထမ်းတွေကို လစာပေးဖို့အခက်အခဲတွေရှိနေတယ်” ဟု ၎င်းကဆိုသည်။

ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်းတွင် မိဘမဲ့ကလေးငယ် ၅၆ ဦးကို စောင့်ရှောက်ပေးထားပြီး ကလေးများကို ပြုစုစောင့်ရှောက်ရန်အတွက် ဝန်ထမ်းအင်အား ၃၅ ဦးအထိရှိသည်။

လက်ရှိတွင် အခက်အခဲများကြောင့် ဝန်ထမ်း ၁၃ ဦးကိုအလုပ်မှ အနားပေးထားရသည့်အတွက် ကျန်သည့် ဝန်ထမ်းများမှာလည်း ၎င်း ၁၃ ဦးစာအတွက် အလုပ်ပိုများလာသည်ဟု ဆိုကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားမီက အလှူရှင်များလာရောက်လှူဒါန်းမှုသည် တစ်နေ့လျှင် အလှူငွေ ၂ သိန်းနှင့် ၃ သိန်းကြားတွင်ရရှိခဲ့သည်ဟု ကျောင်း၏တာဝန်ရှိသူများကပြောသည်။

လက်ရှိတွင် အလှူရှင်များ လုံးဝမရောက်သည့် နေ့များလည်းရှိကာ အလှူရှင်များ လာရောက်ပါကလည်း တစ်နေ့လျှင် အလှူငွေ ၅ သောင်းနှင့် ၁ သိန်းကြားတွင်သာ အလှူငွေရရှိသည်ဟု ဦးလမင်းကျော်သူက ပြောသည်။

“ကိုဗစ်မဖြစ်ခင်ပေါ့ အလှူငွေက သတ်မှတ်ချက်တော့မရှိပါဘူး။ အလှူရှင်တွေရောက်တဲ့အပေါ်မှာ မူတည်ပြီးတော့ အလှူငွေတွေ အတက်အကျရှိပါတယ်။ ကိုဗစ်မဖြစ်ခင်တုန်းက အလှူရှင်တွေရောက်တယ်။ အလှူရှင်တွေရောက်တော့ ခန့်မှန်းပြောရမယ်ဆိုရင် တစ်နေ့ကို (၂)သိန်း (၃)သိန်း ဝန်းကျင်လောက်ရှိပါတယ်။ ကိုဗစ်အခုဖြစ်နေတဲ့ အတောအတွင်းမှာတော့ အလှူရှင်မရှိတဲ့နေ့တွေလည်းရှိသလို ရှိတဲ့နေ့တွေမှာလည်း အလှူငွေ (၅)သောင်းနဲ့ (၁)သိန်းဝန်းကျင်ကြားပဲ ရှိပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ABC ဖောင်ဒေးရှင်းသည် အလှူရှင်များ၏ လှူဒါန်းသောငွေများဖြင့် ကလေးများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စများကို ရပ်တည်နေရပ်တည်နေခြင်းဖြစ်သည့်အတွက် အလှူငွေများ မလုံလောက်သည့်အခါ ဖောင်ဒေးရှင်း၏ရန်ပုံငွေမှ အသုံးပြုနေရကြောင်း သိရသည်။

ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်းမှာ ကြီးကြပ်ရေးမှူးတာဝန်ထမ်းဆောင်နေသော ဒေါ်စောမှုံရီက ကျောင်းတွင်အလှူဝင်ငွေနည်းသည့်အတွက် ကျန်ရှိနေသော ဝန်ထမ်းများကိုလည်း အလုပ်မှရပ်နားလိုက်မည်ကို စိုးရိမ်ကြောင်းပြောသည်။

“ဝန်ထမ်းတွေကို ယာယီရပ်ဆိုင်းလိုက်တဲ့အပေါ်မှာ သူတို့တွေအတွက်လည်း အလိုလိုစိတ်မကောင်း ဖြစ်ရတယ်။ နောက်ထပ် ကျွန်မတို့ဆိုရင်လည်း အလှူဝင်ငွေအပေါ်မှာ မူတည်ပြီးတော့ ဝန်ထမ်းတွေ ရပ်ဆိုင်းခြင်းအပိုင်းမှာလည်း ပါလာနိုင်ပါတယ်။ အဲဒါကို ကျမတို့ စိုးရိမ်နေရပါတယ်။ ရပ်ဆိုင်းလိုက်လို့ရှိရင် ကျမတို့၏ စားဝတ်နေရေး ချို့ယွင်းသွားမယ်၊ အခက်အခဲဖြစ်သွားမယ်” ဟု ဒေါ်စောမှုံရီက ဆိုသည်။

ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်းမှာ ၉ နှစ်ကြာ ကလေးထိန်းတာဝန်ထမ်းဆောင်လာ ခဲ့သော ဒေါ်အေးခင်က ကျောင်း၏အလှူဝင်ငွေနည်းသည့်အတွက် ကလေးများ၏ စားဝတ်နေရေးကို စိုးရိမ်မှုများရှိနေသည်ဟု ဆိုသည်။

“ကိုဗစ်ကာလမှာပေါ့နော် အလှူငွေတွေလည်းရချင်တယ်။ ဒီလိုအခက်အခဲတွေ ရှိနေတဲ့အချိန်မှာ ရပ်ဆိုင်း ထားလိုက်တဲ့ ဝန်ထမ်းတွေအတွက်လည်း စိုးရိမ်တယ်။ အန်တီအနေနဲ့လည်း ဘယ်အချိန် ရပ်ဆိုင်းလိုက်မှာ မသိဘူး။ အဲဒါက အလှူငွေနည်းလို့ပေါ့နော်။ နောက်ပြီးတော့ ကလေးတွေအတွက်လည်း စိုးရိမ်တယ်။ အလှူငွေကိုလည်း ရစေချင်တယ်” ဟု ဒေါ်အေးခင်က ဆိုသည်။

ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရေးကျောင်းတွင် ကလေး ၅၆ ဦးအတွက် စားစရိတ်နှင့် အခြားအသုံး စရိတ်များအတွက် တစ်နေ့တာကုန်ကျငွေသည် ကျပ်ငွေတစ်သိန်းခွဲခန့် ရှိသည်ဟုလည်း ကျောင်း၏ ဘတာဝန်ရှိသူများက ပြောသည်။

အဆိုပါကျောင်းကို ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ၁၀ နှစ်တာကာလကို ရောက်ရှိ လာခဲ့ပြီဖြစ်သည်။

ဗီဒီယိုများ