ရခိုင်စစ်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများ နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအား ဆန့်ကျင်ရေးနှင့်ပတ်သက်၍ စက်တင်ဘာ ၂၅ ရက် နေ့တွင် မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်ဖြင့် အမှု ဖွင့်လှစ်ကာ ဖမ်းဆီးထားကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

By အောင်ထိန် 25 Sep 2020

စက်တင်ဘာ ၁၀ ရက်နေ့က ရခိုင်စစ်ရေးနှင့်ပတ်သက်၍ မန္တလေးတွင် ဆန္ဒဖော်ထုတ်ဖော်ခဲ့ကြသည့် ကျောင်းသားများအား တွေ့ရစဉ်။

အောင်ထိန် | DMG
စက်တင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအား ဆန့်ကျင်ရေးနှင့်ပတ်သက်၍ စက်တင်ဘာ ၂၅ ရက် နေ့တွင် မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအား နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်ဖြင့် အမှု ဖွင့်လှစ်ကာ ဖမ်းဆီးထားကြောင်း ဗကသများအဖွဲ့ချုပ်ထံမှ သိရသည်။

မန္တလေးဈေးချို နာရီစင်ရှေ့၌ “Stop Civil War ၊ ဖိနှိပ်ခံရက္ခိုင်လူထုနှင့်အတူ ရပ်တည်ကြ” စသည့် စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသော ကိုကျော်သီဟရဲကျော် ၊ ကိုစိုးလှနိုင်နှင့် ကိုရဲရင့်အောင် တို့အား မန္တလေးမြို့၊ အမှတ်(၆)ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားသည်။

၎င်းတို့သုံးဦးသည် စက်တင်ဘာ ၁၀ ရက်နေ့က ရခိုင်စစ်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသူများဖြစ်ပြီး ထိုအထဲမှ ကိုကျော်သီဟရဲကျော်နှင့် ကိုစိုးလှနိုင်တို့နှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (က) (ခ)တို့ဖြင့် ထပ်မံအမှုဖွင့်လှစ်ကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

“လက်ရှိ ဒီနိုင်ငံမှာသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်း၊ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွေ ပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လမ်းကြောင်းတွေအားလုံးကို ပြည်သူလူထုအနေနဲ့ ယုံကြည်လို့ မရဘူးဆိုတာကို သူတို့ကိုယ်တိုင် သက်သေပြနေတာဖြစ်တယ်” ဟု ဗကသများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် ကိုထူးခန့်သော်က ပြောသည်။

ထို့အပြင် မန္တလေးမြို့၌ စက်တင်ဘာလ ၁၀ ရက်နေ့က ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုမျိုးချစ်ဇော်ကို(ခ) ကိုဘချစ်အား စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ် ၁၉ ဖြင့် ယင်းနေ့မှာပင် အလုပ်နှင့်ထောင်ဒဏ် ၁ လ ချမှတ်ခဲ့သည်။

ယခုကဲ့သို့ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများအားဖမ်းဆီးခံခြင်း၊ ထောင်ချခြင်းတို့နှင့်ပတ်သက်၍ ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက “ကျွန်တော်တို့ မဟာမိတ် ကျောင်းသားတွေကို အခုလိုလုပ်ဆောင်တာက ကျွန်တော်တို့ကိုလုပ်တာနဲ့ အတူတူပဲ။ အစိုးရရဲ့ လုပ်ဆောင်မှု တွေက ကျွန်တော်တို့ကျောင်းသားတွေကို ဥပဒေအရ အနိုင်ကျင့်တာဖြစ်တယ်။ ကျောင်းသားတွေကို ပုဒ်မ အမျိုးမျိုးနဲ့ တရားစွဲဆိုတာက ကျောင်းသားတွေကို မတရားဖိနှိပ်တယ်လို့မြင်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်းအား ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့သည့် ရန်ကုန်၊ မန္တလေး၊ မိတ္ထိလာ စသည့်တက္ကသိုလ်တို့မှ ကျောင်းသား ၂၀ ကျော်မှာ ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ခံထားရပြီး မိတ္ထိလာမှ ကျောင်းသား ၂ ဦးမှာလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ထားရသည်။

ဗီဒီယိုများ