ဗကသအဖွဲ့ချုပ်ရုံးသို့ ရဲတပ်ဖွဲ့ကဝင်ရောက်ကာ ကျောင်းသားများကိုဖမ်းဆီး

ဗကသများဗဟိုဌာနချုပ်ရုံး(ယာယီ)တည်ရှိရာ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်းသို့ စက်တင်ဘာ၂၇ ရက်နေ့ ညနေပိုင်းအချိန်က ရဲအင်အားအလုံးအရင်းဖြင့်ဝင်ရောက်ကာ ကျောင်းသားများအား ဖမ်းဆီးသွားခဲ့ကြောင်း ဗကသအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

By အောင်ထိန် 28 Sep 2020

ပုံစာ - စစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရသော ဗကသများအဖွဲ့ချုပ်မှ ကျောင်းသား ၈ ကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ချမ်းအေးသာစံတရားရုံး၌ရုံးထုတ်ခဲ့စဉ်။ Photo Crd : ABFStU- ces

အောင်ထိန် | DMG
စက်တင်ဘာ ၂၈ ၊ စစ်တွေ

ဗကသများဗဟိုဌာနချုပ်ရုံး(ယာယီ)တည်ရှိရာ ပခုက္ကူတက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးအတွင်းသို့ စက်တင်ဘာ၂၇ ရက်နေ့ ညနေပိုင်းအချိန်က ရဲအင်အားအလုံးအရင်းဖြင့်ဝင်ရောက်ကာ ကျောင်းသားများအား ဖမ်းဆီးသွားခဲ့ကြောင်း ဗကသအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့ဖမ်းဆီးရာတွင် ကျောင်းသား ၇ ဦးပါဝင်သွားခဲ့ပြီး ကိုဟိန်းထက်အောင်နှင့် ကိုရှိုင်းဝဏ္ဏအောင်တို့ကို ယင်းနေ့ ညအချိန်၌ ပြန်လည်လွှတ်ပေးခဲ့ကာ ကျန် ၅ ဦးအား မန္တလေးမြို့ အမှတ်(၆)ရဲစခန်း၌ ထိန်းသိမ်း ထားကာ ငြိမ်းစုစီပုဒ်မ(၁၉)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)(ခ) တိုဖြင့် အမှုဖွင့်ထားကြောင်း ဗကသများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌထံမှ သိရသည်။

ဖမ်ဆီးခံရသောကျောင်းသားများသည် ရခိုင်ပြည်တွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကိုဆန့်ကျင်ကြောင်း မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကျောင်းသားများဖြစ်ကြသည်။

“စစ်တပ်ကတော့လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီစံနှုန်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပေါ့” ဟု ဗကသများအဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကဆိုသည်။

မန္တလေးမြို့၌ စက်တင်ဘာလ ၁၀ ရက်နေ့က ဗကသများအဖွဲ့ချုပ်မှဦးဆောင်၍  “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး၊ ဖက်ဆစ်လူသတ် စစ်တပ်အလိုမရှိ၊ ရခိုင်နဲ့ချင်းပြည်နယ်မှာ 4G အင်တာနက် အမြန်ဆုံးဖွင့်ပေးရေး” စသည့် ဆိုင်းဘုတ်များကိုကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းနေ့ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုမျိုးချစ်ဇော်ကို(ခ)ကိုဘချစ်အား စက်တင်ဘာလ ၂၄ ရက်နေ့ တွင်ဖမ်းဆီးခဲ့ပြီး ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ငြိမ်းစုစီပုဒ် ၁၉ ဖြင့် ယင်းနေ့မှာပင် အလုပ်နှင့်ထောင်ဒဏ် တစ်လချမှတ်ခဲ့သည်။

ထို့အပြင် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း မန္တလေးဈေးချိုနာရီစင်ရှေ့၌ “Stop Civil War ၊ ဖိနှိပ်ခံ ရက္ခိုင် လူထုနှင့်အတူရပ်တည်ကြ” စသည်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသော ကိုကျော်သီဟရဲကျော်၊ ကိုစိုးလှနိုင်နှင့် ကိုရဲရင့်အောင်တို့အားဖမ်းဆီးကာ ငြိမ်းစုစီပုဒ်မ ၁၉ အပြင် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်တို့ဖြင့် အမှု ဖွင့်လှစ်ထားသည်။

ဆန္ဒဖော်ထုတ်သည့်ကျောင်းသားများအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ၊ သဘာဝဘေးအန္တရာယ် ဆိုင်စီမံခန့်ခွဲမှုဥပဒေပုဒ်များဖြင့် အမှုဖွင့်အရေးယူခြင်းသည် လိုရာဆွဲသုံးလို့ရသည့် သားရေကွင်းဥပဒေကဲ့သို့ ဖြစ်နေကြောင်းလည်း ဗကသများအဖွဲ့ချုပ်မှ ဒု-ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကပြောသည်။

“ကျွန်တော်တို့က နိုင်ငံတော်ဆိုတာ ပြည်သူပဲလို့ယူဆတယ်။ ကျွန်တော်တို့ဟာ ပြည်သူတွေအတွက်လုပ်တာ ဖြစ်တယ်။ ဘယ်နိုင်ငံမှ အကြည်အညိုပျက်အောင်လုပ်တာမဟုတ်ဘူး။ ပြည်သူတွေအတွက်သာ လုပ်တာ ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအား ဆန့်ကျင်ရေးနှင့်ပတ်သက်၍ ဆန္ဒဖော်ထုတ်မှု ကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီပုဒ်မစသည့်များဖြင့် အမှုဖွင့်အရေးယူခံရသည့် ကျောင်း ၂၀ ကျော်ရှိနေသည်။

ဗီဒီယိုများ