ရခိုင်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ်မှုကြောင့် ကျောင်းသား ၂၀ ဦးခန့် အမှုဖွင့်ခံထားရ

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကြောင့် ကျောင်းသား ၂၀ ဦးခန့်မှာ အမှုဖွင့်အရေးယူခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

By အောင်ထိန် 16 Sep 2020

မန္တလေးတွင်ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသားများအားတွေ့ရစဉ်။

အောင်ထိန် | DMG
စက်တင်ဘာ ၁၆ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများကြောင့် ကျောင်းသား ၂၀ ဦးခန့်မှာ အမှုဖွင့်အရေးယူခံထားရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ သိရသည်။

ရခိုင်ပြည်နယ်တွင် ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား ၃ ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ နှင့်အမှုဖွင့်ထားပြီး မန္တလေးတွင်ဆန္ဒဖော်ထုတ်ခဲ့သည့် ကျောင်းသား ၁၃ ဦးနှင့် ရန်ကုန်အခြေစိုက် ဗကသ ကျောင်းသား ၂ ဦးတို့ကို ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ စသည်ဖြင့် အမှုဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ထို့အပြင် မိတ္ထိလာတက္ကသိုလ်ကျောင်သားများသမဂ္ဂမှ ကျောင်းသား ၂ ဦးအား နိုင်ငံတော်အကြည်အညို ပျက်စေမှုပုဒ်မ-၅၀၅ ဖြင့် အမှုဖွင့်ထားကြောင်း ဗကသများအဖွဲ့ချုပ်မှ သိရသည်။

“တပ်ကိုဝေဖန်လို့ နိုင်ငံတော်အကြည်အညိုပျက်တယ်ဆိုတာ တပ်မတော်ဟာနိုင်ငံတော်ဖြစ်လို့လား။ ကျနော်တို့ အမှန်တရားကိုပြောပြနေချိန်မှာ ဒီမိုကရေစီနဲ့မညီတဲ့ လုပ်ရပ်တွေကိုလုပ်တယ်။ ကျနော်တို့ကို ဖိနှိပ်တယ်ဆိုတဲ့ ဟာက လက်ရှိစစ်အုပ်စုအနေနဲ့ပြောနေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဆိုတဲ့ ကိစ္စကို ဘယ်လိုမှ ယုံလို့ မရတော့ဘူး” ဟု ဗကသများအဖွဲ့ချုပ်မှ အတွင်းရေးမှူးချုပ် ကိုထူးခန့်သော်ကဆိုသည်။

ရခိုင်ပြည်တွင်းစစ်နှင့်ပတ်သက်၍ အစိုးရနှင့်တပ်မတော်က တင်းတင်းကျပ်ကျပ်ဖိနှိပ်ကာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အများအပြားတွေ့နေရကြောင်း အသံအဖွဲ့မှကိုရဲဝေဖြိုးအောင်က ထောက်ပြသည်။

“ပြည်သူတွေရဲ့အသံကိုနားမထောင်ဘဲ အစိုးရက သူ့ရဲ့စိတ်ဆန္ဒအရ အာသိသအရ၊ စစ်တပ်ကလည်းပဲ သူ့ရဲ့ စိတ်အာသိသအရ လုပ်ချင်တာကို ဘယ်သူ့မျက်နှာမှ မထောက်ဘဲနဲ့ လုပ်နေခိုင်းနေတာတွေကို တွေ့ရတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်မှကျောင်းသား ၃ ဦး၊ မိတ္ထိလာမှကျောင်းသား ၂ ဦးနှင့် မန္တလေးမှကျောင်းသား ၁ ဦး တို့မှာဖမ်းဆီးခံထားရပြီး မိတ္ထိလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ၃ ဦးနှင့် ရန်ကုန်မှ ကျောင်းသား(၁)ဦးတို့မှာ တိမ်းရှောင်နေရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)မှ သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ (၂)နှစ်ခန့်ကြာမြင့်လာ နေပြီးဖြစ်ရာ စစ်ရေးပဋိပက္ခနောက်ဆက်တွဲအဖြစ် အရပ်သားထိခိုက်သေဆုံးများမှာလည်း နေ့စဉ်နှင့်အမျှ တိုးလာနေသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများရပ်တန့်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအားရပ်တန့်ရေးအတွက် ကျောင်းသားများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဖက်အဖွဲ့အစည်းများအပြင် နိုင်ငံတကာအဖွဲ့အစည်းများက တောင်းဆိုနေကြသည်။

ဗီဒီယိုများ