ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံနှင့် အမ်းမြို့နယ်တို့မှ ကျေးရွာတချို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ၉ ရက်အထိရှိလာ

ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံမြို့နယ်မှ ကျေးရွာ(၄)ရွာနှင့် အမ်းမြို့နယ်မှ ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ယနေ့သြဂုတ် ၃ ရက်နေ့အထိဆိုလျှင် ၉ ရက်အထိကြာမြင့်နေပြီဖြစ်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

03 Aug 2021

DMG ၊ သြဂုတ် ၃

ကမ်းထောင်းကြီးမြို့အပါအဝင် မြေပုံမြို့နယ်မှ ကျေးရွာ(၄)ရွာနှင့် အမ်းမြို့နယ်မှ ကျေးရွာ(၃)ရွာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ ယနေ့သြဂုတ် ၃ ရက်နေ့အထိဆိုလျှင် ၉ ရက်အထိကြာမြင့်နေပြီဖြစ်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ကစပြီး ပြတ်တောက်နေသည့် လျှပ်စစ်မီးမှာ လက်ရှိအချိန်ထိ ပြန်လည်မရရှိသေးသည့်အတွက် အမ်းမြို့နယ်၊ ရူးတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်လူနာများနှင့် ဒေသခံများအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံ ကိုဟန်မင်းလှိုင်ကပြောသည်။

“မီးမရတာက ဒီနေ့ဆိုရင် ၉ ရက်ရှိပြီ။ အခက်အခဲတွေက အများကြီးရှိတယ်။ အခုဆိုရင်လည်း ကိုဗစ်ရောဂါကြောင့် ရူးဆေးရုံမှာ လူနာတစ်ဆယ်ကျော်လောက်ရှိတယ်။ မီးမရဆိုတော့ အောက်ဆီဂျင်ရှူဖို့အတွက်လည်း အခက်အခဲတွေရှိနေတယ်” ဟု ဆိုသည်။

ရူးတိုက်နယ်ဆေးရုံတွင် ကိုဗစ်လူနာ ၁၃ ဦးခန့်ရှိပြီး ယင်းအထဲမှ ၃ ဦးခန့်ကို ကျေးရွာမှ တပိုင်တနိုင်မီးစက်များဖြင့် အောက်ဆီဂျင်ပေးထားရသည်ဟု ကိုဟန်မင်းလှိုင်က ပြောသည်။

ထိုသို့ လျှပ်စစ်မီးပြတ်တောက်နေသည့်နေရာများမှာ မြေပုံမြို့နယ်မှ ကမ်းထောင်းကြီးမြို့အပါအဝင် ပေါက်တူးတောင်၊ သရက်တောင်၊ တပ်ရာ၊ ကျေးတောကျေးရွာနှင့် အမ်းမြို့နယ်မှ ရူး၊ ဒုက္ကံ၊ ရူး(ချင်းရွာ)တို့ဖြစ်ကြသည်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ဒေသခံ ကိုမောင်ချယ်ရီက “လျှပ်စစ်မီးကိုတော့ အမြန်ဆုံးရစေချင်တယ်။ ဒီမှာက ကိုဗစ်ပိုးတွေ့လူနာတွေနဲ့ နေ့တိုင်းမီးစက်တွေနိုးနေရတာက အခက်အခဲဖြစ်တယ်။ ကိုဗစ်လူနာတွေကို နေ့တိုင်းအောက်ဆီဂျင်ပေးနေရတယ်။ ဒါက ကျနော်တို့လျှပ်စစ်မီးယူလာတဲ့ သက်တမ်းတလျှောက်မှာ ရက်အကြာရှည်ဆုံးမီးပျက်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

လျှပ်စစ်မီးပြတ်တောက်နေခြင်းနှင့်ပတ်သက်ပြီး အမ်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာနှင့် တာဝန်ရှိသူတစ်ချို့ကို ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

သို့သော် လျှပ်စစ်မီးပြတ်တောက်နေသည့် မြေပုံနှင့် အမ်းမြို့နယ်တို့မှ ကျေးရွာများတွင် သြဂုတ် ၄ ရက်နေ့၌ လျှပ်စစ်မီးပြန်လည်ရရှိမည်ဟု သက်ဆိုင်ရာလျှပ်စစ်တာဝန်ရှိသူများမှ ပြောဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့က အမ်းမြို့ လျှပ်စစ်ဓာတ်အားခွဲစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် အမ်းနှင့် ကမ်းထောင်းကြီး ဓာတ်အားခွဲရုံများတွင် လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။

ယင်းနောက် နှစ်ရက်ခန့်အကြာတွင် အမ်းမြို့ပေါ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သော်လည်း ကမ်းထောင်းကြီးအပါအဝင် မြေပုံနှင့် အမ်းမြို့နယ်တို့မှ ကျေးရွာတချို့တွင် လက်ရှိအချိန်ထိ လျှပ်စစ်မီးမရရှိသေးသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေကြသည်။

ဗီဒီယိုများ